ဗန်းမောက်တွင် စစ်ကောင်စီတပ်က ခရီးသည်များထံမှ ငွေတောင်း

0
184

ဗန်းမောက်မြို့နယ်အတွင်းက မြစ်သေးကျဉ်းတံတားဂိတ်တွင် ထိုင်သည့် စစ်ကောင်စီတပ်က လမ်းသွားလမ်းပြည်သူများကို တားဆီးစစ်ဆေးကာ အဓမ္မ ငွေတောင်းခံခြင်း၊ ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ငယ်ဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဗန်းမောက်မြို့ခံ အမျိုးသားတစ်ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

ဒေသခံတစ်ဦးက “မြို့ထဲမှာဖြစ်တာ၊ ညနေ ၆ နာရီကျော်သွားလို့တဲ့ သေနတ်နဲ့ပစ်တာ။ တစ်ယောက်ထိသွားတယ်။ လက်မောင်းမှာ ထိသွားတာပါ” ဟု ပြောသည်။

မတ်လ ၂ ရက်နေ့၊ ညနေ ၆ နာရီကျော်တွင် အိမ်အပြင်ထွက်သဖြင့် စစ်ကောင်စီတပ်က လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လားတူ ဗန်းမောက်မြို့အဝင်ရှိ မြစ်သေးကျဉ်းတံတားဂိတ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ထိုင်ကာ လမ်းသွားလမ်းလာပြည်သူများကို နေ့စဉ် တားဆီးစစ်ဆေးခြင်း၊ အကြောင်းအမျိုးမျိုးပြ ခြိမ်းခြောက်ကာ ငွေ တောင်းခံခြင်းများကို လုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ အမျိုးသမီးတစ်ဦးက “ဟိုတရက်ကဆို ပေါင်းနက်ကုန်းက ကလေးတစ်ယောက်ရဲ့ စျေးဝယ်ဖို့ထည့်လာတဲ့ပိုက်ဆံ အကုန်သိမ်းလိုက်တာ။ လကုန်တဲ့နေ့ကပေါ့၊ မြစ်သေးကျဉ်းတံတားမှာ သိမ်းခံရတာ။ ဗန်းမောက်မြို့ထဲကို အဝင်ပေါ့ အဲ့ချိန်မှာ သိမ်းခံရတာ။ ဒီလို ဖြစ်ရပ်တွေ ဒီရက်ပိုင်း ဆက်တိုက်ပဲ ပိုက်ဆံတောင်း ကြမ်းနေကြတာ။ စစ်တာလည်း နေ့တိုင်းစစ်နေတာ” ဟု ပြောသည်။

ဗန်းမောက်မြို့နယ်သည်လည်း ဖေဖော်ဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ချက်အရ လုံခြုံရေ၊ ဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့ အတွက် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသည့် စစ်ကိုင်းတိုင်းအတွင်းက မြို့တစ်မြို့ဖြစ်သည်။

ထိုသို့ထုတ်ပြန်ပြီးနောက် ညတိုင်းနီးပါး လက်နက်ငယ်ပစ်ခတ်ခံများ၊ ရံဖန်ရံခါ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိနေသည့်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။ ညနေ ၆ နာရီကျော်ပါ အိမ်ပြင်ထွက်ရန်ပင် အခက်အခဲ ဖြစ်လာနေသည်ဟု ဒေသခံအချို့က ဆိုသည်။

ဗန်းမောက်မြို့နယ်ထဲတွင် စစ်ကောင်စီတပ်အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တို့အပြင်၊ ရှမ်းနီးတပ်မတော် SNA နှင့် ရှမ်းနီပြည်သူ့စစ်အဖွဲ့များ လှုပ်ရှားသွားလာလျှက်ရှိပြီး ၎င်းတို့အကြားတွင် စစ်ရေးတင်းမာလျှက်ရှိသည်။

ထိုသို့သောအခြေအနေများအပြင် စစ်ကောင်စီတပ်၏ ရမ်းကားမှုများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ကြောင့် ဌာနတိုင်းရင်းသားများဖြစ်သည့် ရှမ်းနီနှင့် ကဒူးတိုင်းရင်းသား စိုးရိမ် စိတ်ပျက်နေကြသည်ဟု ဆိုသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here