29 မတ် 2024 /

See today's Peace Related News

စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖယ်ခုံမြို့နယ်အတွင်းရှိ ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်း ပျက်စီး

ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးနောက် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘာသာ ဘုရားကျောင်းတစ်ကျောင်း ပျက်စီးသွားသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်နီပြည်နယ်နှင့်အစပ်၊ ဖယ်ခုံမြို့နယ်၊ ဝှါရီခူကျေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကက်သလစ် ခရစ်ယာန် မယ်တော်ဂူဘုရားကျောင်း ထိမှန်ပျက်စီးသွားခြင်းဖြစ်သည်ဟု ကျေးရွာနေပြည်သူများက ပြောသည်။

ဒီးမော့ဆို PDF မှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီကလေ သူတို့ မာရှယ်လောထုတ်ပြီးတော့ ပိုဆိုးသွားတာပေါ့နော်။ နဂိုကမှ သူတို့က စစ်ဘေးရှောင်ရှိတဲ့ နေရာတွေ၊ ပြည်သူတွေရှိတဲ့ ရပ်ရွာတွေ နောက်ပြီးတော့ စာသင်ကျောင်းတွေ၊ ဆေးခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတာပဲ။ အခုနောက်ပိုင်း ပိုဆိုး တယ်ဆိုတာက မယ်တော်ဂူက တိုက်ပွဲဖြစ်တဲ့ နေရာလည်းမဟုတ်ဘူး။ စစ်ဖြစ်တဲ့ နေရာတွေနဲ့ အလှမ်း အဝေး ကြီးဗျ။ မထင်မှတ်တဲ့နေရာမှာ ရည်ရွည်ချက်ရှိရှိ ဗုံးကြဲတယ်လို့ပဲ ကျနော်တို့ မှတ်ယူတာပေါ့နော်” ဟု ပြောသည်။

အဆိုပါ ဘုရားကျောင်းကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ ည ၁၁ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ပေါင် ၅၀၀ ခန့် အလေးချိန်ရှိသည့် ဗုံး ၂ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်ချုပ်ရေး ကြေညာပြီးသည့်နောက်ပိုင်း ပထမဆုံးအကြိမ် ဗုံးကြဲခြင်းဖြစ်သည် ဟု ဒီးမော့ဆို PDF တာဝန်ရှိသူများက ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်မှု မရှိခဲ့သော်လည်း ဘုရားကျောင်းဝင်းအတွင်းရှိ ရင်ပြင်၊ ဘုန်းတော်ကြီး နားနေဆောင် ၁ လုံး၊ အိမ်သာ ၁ လုံး၊ စစ်ဘေးရှောင်များ ခိုလှုံသည့် ယာယီတဲများနှင့် လူနေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့သည်။

ထို့နောက် စစ်ဘေးရှောင်များက ထပ်မံ ဗုံးကြဲလာမည်ကို စိုးရိမ်ထိတ်လန့်နေကြသော်လည်း အချို့မှာ နေရာပြောင်းရွှေ့ရန်ပင် အဆင်မပြေ ဖြစ်နေကြသည်ဟု ဆိုသည်။

“တချို့တွေက နေရာရွှေ့တယ် ပြောတယ်။ တချို့တွေက နေရာရွှေ့တာ လေးငါးနေရာ ရှိပြီပေါ့နော်။ တချိန်လုံး နေရာ ရွှေ့နေရတဲ့ အခါကျတော့ ဒီအတိုင်းပဲ နေတော့မယ်ဆိုတော့ ပြည်သူတွေလည်း ရှိတာပေါ့နော်။ တချို့ ပြည်သူတွေကျတော့ ထပ်ပြီးတော့ ဗုံးလာကြဲမှာ စိုးရိမ်နေတဲ့အခါကျတော့ ထပ်ရွှေ့နေတယ်လို့ သိရတယ်” ဟု ဒီးမော့ဆို PDF မှ ပြန်ကြားရေးတာဝန်ရှိသူက ဆက်ပြောသည်။

ဝှါရီခူကျေးရွာမှာ တော်လှန်ရေး အင်အားစုများ စစ်ရေးလှုပ်ရှားသည့် ဒေသမဟုတ်သည့်အပြင် တိုက်ပွဲဖြစ်ပွားခဲ့ဖူးခြင်းလည်း မရှိဘဲ စစ်ဘေးရှောင်များသာ နေထိုင်ကြသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် စစ်အုပ်ချုပ်ရေး ကြေညာပြီးသည့်နောက်ပိုင်း ယခုလ ဖေဖော်ဝါရီလ ဒုတိယအပတ်အထိ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး ထို ၃ ကြိမ်အနက် စစ်ဘေးရှောင်ပြည်သူများရှိသည့် နေရာများသို့ ပစ်မှတ်ထားတိုက်ခိုက်မှုမှာ ၂ ကြိမ်အထိရှိပြီဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူများက ပြောသည်။

ထို ၂ ကြိမ်အနက် ယခု ၁ ကြိမ် တိုက်ခိုက်မှုမှာ မယ်တော်ဂူဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။

NMG – ပေးပို့သည်။