နောင်ချိုတိုက်ပွဲကြောင့် အရပ်သား ၆၀၀ ကျော်ထွက်ပြေးနေရ၊ စားစရာ လိုအပ်နေ

0
157

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီနှင့် မန္တလေး PDF တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ (၆၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ကောင်စီတပ်နှင့် မန္တလေး PDF တို့ အကြား နောင်ချိုမြို့နယ်၊ လုံခံကျေးရွာစေတီတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နံနက်ပိုင်း ၆ နာရီမှ ညနေပိုင်း ၃ နာရီအချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

လုံခံကျေးရွာခံ အမျိုးသမီးတစ်ဦးက “တိုက်ပွဲဖြစ်တာက တနေကုန်ပဲ ဖြစ်ကြတယ်။ ရွာကလူတွေလည်း ထွက်ပြေးကြတယ်။ တချို့က ဒိုးပင်၊ တချို့က ဟိုခိုဘက်မှာ တချို့တွေက ဆွေးမျိုးအိမ်တွေမှာ ရှောင်သွားကြတယ်။ ကျမကလည်း အခုက ရွာမှာတော့ မရှိဘူး” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းက ပစ်ခတ်မှုများ ရှိခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ဒေသခံရွာသားများပိုင် နေအိမ်များ ထိမှန်ပျက်စီးမှုများလည်း ရှိနေသည်ဟု ပြောသည်။

သို့သော် အိမ်ခြေမည်မျှ ထိမှန်ပျက်စီးခဲ့သည်ကိုမူ အတိအကျမသိရသေးကြောင်း လုံခံကျေးရွာသားများက ဆိုသည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်ကြရသည့် ဒေသခံ အယောက် ၆၀၀ ကျော်မှာ ဟိုခိုကျေးရွာ ဘုန်းကြီးကျောင်းတွင် (၅၅၀) ဦး၊ ဟိုခိုကမ်းရှိ နီးစပ်ရာ ဆွေမျိုးများ၏ အိမ်များတွင် အယောက် ၅၀ အပြင် သုံးဆယ်ကျေးရွာနှင့် နောင်ချိုမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်များလည်း ရှိနေသည်။

စစ်တပ်နှင့် မန္တလေး PDF တို့အကြား ဖြစ်ပွားခဲ့သည့် လုံခံကျေးရွာစေတီးအနီးက တိုက်ပွဲကြောင့် လုံခံ၊ ဒိုးပင်၊ ကုလားကွဲ၊ နားခါးနှင့် ကြံခင်းကျေးရွာတို့က ဒေသခံများ စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

ဟိုခိုကျေးရွာ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက “ရွာခံတွေ ပြေးလာတဲ့ချိန် တချို့က ဆန်နဲ့ အိပ်ယာခင်းတွေ ယူလာကြတယ်။ တချို့က ဘာမှမယူလိုက်ရဘူး။ အခုက ကျမတို့ ရွာထဲမှာ စားဖို့သောက်ဖို့တော့ လိုက်ကူညီတောင်းနေပါတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ စစ်ဘေးရှောင်များကို အခြားသော အလှုရှင်များက လာရောက်ကူညီပေးခြင်းမျိုး မရှိသေးသလို အချင်းချင်းသာ တတ်နိုင်သလောက် ကူညီပေးထားရသည်ဟု အကူအညီပေးနေသူများက ပြောသည်။

ထို့ကြောင့် စစ်ရှောင်များအတွက် အရေးပေါ်လိုအပ်နေသည်မှာ စားနပ်ရိက္ခာသာဖြစ်သည်ဟုလည်း ဟိုခို စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးက ဆက်ပြောသည်။

လက်ရှိတွင် နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားမှု၊ ပစ်ခတ်မှုများ မရှိဘဲ ငြိမ်သက်နေသော်လည်း နှစ်ဖက်ကြား စစ်ရေးတင်းမာနေသေးသည့်အတွက် နေရပ်ကိုပြန်ရန် အဆင်မပြေသေးဘူးဟု စစ်ရှောင်များနှင့် ၎င်းတို့ကို ကူညီပေးနေသူများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here