ကျွန်းလှမြို့နယ်ထဲက ဘုန်းကြီးကျောင်းတစ်ခုအား မီးရှို့ကာ ကျောင်းထိုင်ဘုန်းကြီးကို စစ်ကောင်စီတပ် ဖမ်းဆီး

0
281

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ထဲတွင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းအား မီးရှို့ခဲ့သည့်အပြင် ကျောင်းထိုင်ဘုန်းကြီးကိုလည်း ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ကျွန်းလှမြို့နယ်၊ လယ်လှကျေးရွာမှ ထွက်လာသော ခမရ ၃၆၈ တပ်က ခန့်မှန်းအင်အား စစ်သား ၁၂၀ ခန့်ပါသည့် စစ်ကြောင်းမှာ ကံပေါက်ကျေးရွာ အရှေ့တောင်ဘက်ရှိ တောကျောင်း (အရှေ့) အား မီးရှို့ခဲ့သည့်အပြင် ဆွဲလှဲက ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကိုလည်း ဖမ်းဆီးသွားခြင်းဖြစ်သည်။

ဒေသခံတစ်ဦးက “အဲ့ဒီမှာ အင်အား ၃၀ လောက်ပါတဲ့ တစ်ဖွဲ့ကတော့ ကံပေါက် တောကျောင်းဘက်ကို ထွက်တယ်။ ထွက်ပြီးတော့ ကျောင်းရောက်တဲ့အချိန်မှာ ဘုန်းကြီးတစ်ပါးပေါ့လေ သူက အခြေအနေလှမ်း ပြောပုံရတယ်။ အဲ့ဒါကို သိသွားပြီး အဲ့ဒီဘုန်းကြီးကို ဖမ်းသွားပြီး အရှေ့တောကျောင်းကိုလည်း မီးရှို့သွားတာဗျ” ဟု ပြောသည်။

စစ်ကောင်စီတပ် လက်အောက်ခံ ခမရ ၃၆၈ တပ်က စစ်သားအင်အား ၁၂၀ ခန့်ပါသည့် စစ်ကြောင်းထွက်လာသည့် လယ်လှကျေးရွာမှာလည်း ဒေသခံများ၏ ပြောပြချက်အရ ပျူစောထီးအားကောင်းသည့် ကျေးရွာတစ်ရွာဖြစ်သည်ဟု သိရသည်။

“ဒီလည်လှက ဘုန်းကြီးက ဆွဲလှဲကဘုန်းကြီးကို စစ်တပ်က လာနေတဲ့အကြောင်း အနေအထားနဲ့ပတ်သက်ပြီးတော့ လှမ်းပြီး ဖုန်းဆက်မေးတဲ့အချိန် ဆွဲလှဲဘက်မှာလည်း ဘုန်းကြီးဆီကို စစ်သားတွေက ရောက်နေချိန် ကွက်တိဖြစ်သွားတဲ့အတွက် အဲ့ဒါ ဘုန်းကြီးကို စစ်သားတွေဖမ်းသွားပြီး ကျောင်းကိုပါ မီးရှို့လိုက်တာ။ လက်ရှိအချိန်မှာ ဘုန်းကြီးနဲ့ပတ်သက်တဲ့ သတင်းအစအနလည်း မရသေးဘူး။ ဘုန်းကြီး အသက်အန္တရာယ် စိုးရိမ်တာကြောင့် အားလုံးကတော့ စိုးရိမ်နေကြတယ်။”

ဖမ်းဆီးခံလိုက်ရသည့် ဆွဲလှဲကျေးရွာက ဘုန်းကြီးနှင့်ပတ်သက်သည့် နောက်ဆုံးအခြေအနေကို ယနေ့အချိန်ထိ မသိရသေးသောကြောင့် ဒေသခံရွာသားများက စိုးရိမ်နေကြသည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပျူစောထီးများသည် ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူမြို့နယ်ထဲ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ခြင်း ဆက်တိုက်ပြုလုပ်နေသည်ဟုလည်း ဒေသအတွင်းရှိ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။

ကျွန်းလှ-ကန့်ဘူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ ဖေဖော်ဝါရီလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလအတွင်း ကျွန်းလှမြို့နယ် ကျေးရွာ ၅ ရွာမှ နေအိမ် ၁၈၆ လုံး၊ ကန့်ဘလူမြို့နယ် ကျေးရွာ ၅ ရွာမှ နေအိမ် ၁၀၃ လုံး၊ စုစုပေါင်းနေအိမ် ၂၈၉ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

ထို့အပြင် ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာရှိ မိသားစု ရှစ်ဦးသတ်ဖြတ်ခံရမှုတွင် အသက်မပြည့်သေးသည့် ကလေးသုံးဦးပါဝင်ခဲ့ပြီး ဇန္နဝါရီလထဲတွင် ကန့်ဘလူခရိုင်အတွင်း၌ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ အကြမ်းဖက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူ ၁၅ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here