အရှိန်မြှင့်လာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ

0
384
တောင်တန်းမြေပြန့်ဒေသအလိုက် နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ်သည် အရှိန်အဟုန်မြင့်လာသည်နှင့်အမျှ အာဏာသိမ်းစစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းများ အင်အားချိနဲ့လာနေကြောင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများက သက်သေပြနေပါသည်။

စစ်အာဏာသိမ်းမှုစတင်ရာ ၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်အတွင်း BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ရွာများ၊ မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF) များ လှုပ်ရှားရာနယ်မြေများနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (ERO) များ၏ ထိန်းချုပ်နယ်မြေများအား စစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် ရက်ပေါင်း ၂၅၈ ရက်အထိ ရှိခဲ့သည်ကို တွေ့ရသည်။ မိမိတို့အနေဖြင့် လေကြောင်း တိုက်ခိုက်မှု အခြေအနေများကို ကောက်ယူ မှတ်တမ်း ပြုရာတွင် မြို့နယ်အလိုက် ရက်ဖြင့်သာ မှတ်တမ်းတင်ထား သည့်အတွက် အကြိမ်ရေအားဖြင့်မူ ယခုထက်ပိုမို များပြားနိုင်ပါသည်။ တွေ့ရှိချက်အရ လေကြောင်းမှတိုက်ခိုက်သည့် တစ်ရက်လျှင် အကြိမ်ရေအားဖြင့် အနည်းဆုံး ၃ ကြိမ်မှ ၅ ကြိမ်အထိ ရှိတတ်သည်ကို တွေ့ရပါသည်။

စစ်ကောင်စီ၏ လေကြောင်းမှတဆင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို လေ့လာကြည့်ပါက အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ရွာများ၊ စာသင်‌ကျောင်းနှင့် စစ်ဘေးရှောင်စခန်းများကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်သည်ကို အများဆုံးတွေ့ရှိရပြီး မြို့ပြဒေသလိုက် PDF/LDF များလှုပ်ရှားရာ၊ တိုက်ပွဲဖြစ်ပွားရာ စစ်မျက်နှာများအား ပစ်မှတ်ထားကာ လေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်မှုသည် ဒုတိယအများဆုံး ဖြစ်နေကြောင်း တွေ့ရှိပါသည်။ ERO တစ်ဖွဲ့ချင်းစီ၏ ထိန်းချုပ်နယ်မြေများကို လေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်မှုသည် တတိယအများဆုံး ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ဆိုရပါမည်။

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ စစ်အာဏာသိမ်းကာလအတွင်း နွေဦးတော်လှန်ရေးနှင့်အတူ ရပ်တည်လှုပ်ရှားနေသော ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA)၊ ရက္ခိုင့်တပ်တော် (ULA/AA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ တအာင်းအမျိုးသားတပ် (TNLA) ပါဝင်သော မြောက်ပိုင်းမဟာမိတ် (NA-B)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/KA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) တို့၏ ထိန်းချုပ်နယ်မြေများအပေါ် လေကြောင်းမှတဆင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆိုခဲ့ပါ ERO (၉) ဖွဲ့အပေါ် ပစ်မှတ်ထားခဲ့သည့် လေကြောင်းမှတဆင့် ထိုးစစ်ဆင်တိုက်ခိုက်မှုသည် ရက်ပေါင်း ၁၀၀ ကျော်အထိရှိပြီး KNU/KNLA နှင့် KIO/KIA တို့သည် အများဆုံးပစ်မှတ်ထားတိုက်ခိုက်ခြင်း ခံခဲ့ရသည်ကို တွေ့ရပါသည်။

လေကြောင်းမှတဆင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို နှစ်အလိုက်၊ လအလိုက်နှိုင်းယှဉ်လေ့ကြည့်ပါက ၂၀၂၁ ခုနှစ် မေလနှင့် ဒီဇင်ဘာလတို့သည် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအများဆုံး လများ ဖြစ်ခဲ့သည်။ ၂၀၂၂ ခုနှစ်အတွင်းတွင်မူ နိုဝင်ဘာလသည် လေကြောင်းတိုက်ခိုက်မှု အများဆုံးလဖြစ်ခဲ့ပြီး ထိုနှစ် ဇန်နဝါရီနှင့် ဖေ‌ဖော်ဝါရီလများသည် ဒုတိယမြောက် လေကြောင်းတိုက်ခိုက်မှု အများဆုံးလများ ဖြစ်နေသည်ကို တွေ့ရပါသည်။ တိုင်းနှင့် ပြည်နယ်အလိုက် နှိုင်းယှဉ်ကြည့်ပါက KNU ထိန်းချုပ်နယ်နယ်မြေများရှိရာ ကရင်ပြည်နယ်သည် လေကြောင်းတိုက်ခိုက်မှုရက်ပေါင်း ၇၃ ရက်အထိ ရှိခဲ့ပြီး အများဆုံး ခံခဲ့ရသည်ကို ဆိုရပါမည်။

၂၀၂၃ ခုနှစ်သည် နွေဦးတော်လှန်ရေး အဆုံးအဖြတ်နှစ်ဟု သတ်မှတ်ကာ ERO များ၊ PDF/LDF များနှင့် နွေဦးတော်လှန်ရေး၏ အဓိကထောက်တိုင်များဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အနေဖြင့် အချင်းချင်းပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ကာ ခုခံတော်လှန်စစ် အဆင့်မြှင့်နိုင်ရေးကြိုးပမ်းသကဲ့သို့ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်မှုများသည်လည်း ပိုမိုအရှိန်မြှင့်လုပ်ဆောင်လာနေကြောင်း တင်ပြအပ်ပါသည်။

Script and Infographic by BNI – MPM

BNI-MPM

LEAVE A REPLY

Please enter your comment!
Please enter your name here