“မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအဆက်ဆက်မှာ ယခုစစ်ကောင်စီကျင်းမယ့် ရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာနဲ့ တန်ဖိုးအမဲ့ဆုံး ရွေးကောက်ပွဲဖြစ်တယ်” ဦးဖေသန်း (မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း)

0
194

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းနှင့် အမေးအဖြေ

စစ်ကောင်စီသည် ဇန်နဝါရီ ၂၆ ရက်နေ့စွဲဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်ကြေညာသည်။ ထိုသို့ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည် ပါတီမှတ်ပုံတင်ခြင်း ဥပဒေကို ထုတ်ပြန်လာသဖြင့် အထွေထွေရွေးကောက်ပွဲကို စစ်ကောင်စီသည် ယခုနှစ်တွင် မဖြစ်မနေ ကျင်းပသွားရန် အခြေအနေရှိနေပြီဖြစ်သည်။

ဦးဖေသန်းသည် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြစ်သည်သာမက ဝါရင့်နိုင်ငံရေးသမားတစ်ဦးလည်း ဖြစ်သည်။ တွင်းလက်နက်ကိုင်တော်လှန်ရေးအပါအဝင် မြေပေါ် မြေအောက် ရခိုင့်တော်လှန်ရေးလှုပ်ရှားမှုများတွင် ငယ်ရွယ်စဉ်ကတည်း ပါဝင်လာပြီး ယခုအချိန်ထိလည်း ရခိုင်အမျိုးသားရေးလမ်းကြောင်းပေါ်တွင် ခံယူချက်ခိုင်မာစွာဖြင့် ရပ်တည်တိုက်ပွဲဝင်နေသူဖြစ်သည်။ ဦးဖေသန်းအား ယခုစစ်ကောင်စီကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ ယခုလို မေးမြန်းထားပါသည်။

(မှတ်ချက် – ယခုအင်တာဗျူးသည် စစ်ကောင်စီက ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမထုတ်ပြန်မီ ရက်အနည်းငယ်က ပြုလုပ်ထားခြင်းဖြစ်ပါသည်)

မေး- အခု စစ်ကောင်စီက ကျင်းပဖို့လုပ်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သတ်လို့ ဆရာ့အမြင်ကို အရင်ဆုံး အကျဉ်းချုပ် သိချင်ပါတယ်။

ဦးဖေသန်း- စစ်ကောင်စီက လုပ်တဲ့ရွေးကောက်ပွဲက လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူး။ ဘာကြောင့်လည်းဆိုရင် သူတို့က စစ်အာဏာသိမ်းပြီးတက်လာတယ်။ ပြီးတော့ NLD အပါအဝင် အင်အားကြီး အတိုက်ခံပါတီတွေကို ဖျက်ဆီးပစ်တယ်။ ရွေးကောက်ပွဲကို ကိုယ့်စိတ်ထင်နဲ့ PR စနစ်ကို ကျင့်သုံးပြီး သူ့ရဲ့ နောက်ခံ ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးကို အနိုင်ရအောင် ဆောင်ရွက်နေတယ်။ အလိုတော်ရီ တိုင်းရင်းသားပါတီ တစ်ချို့ လည်းပါတာပေါ့လေ။ သူတို့ စိတ်ကြိုက်ပါတီ အနိုင်ရရှိရေးနဲ့ ရွေးကောက်ပွဲ ကော်မရှင်က လုပ်ထားတဲ့ဟန်ပြလုပ်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲသာဖြစ်တယ်။ သူတို့ အတွက်ကတော့ နိုင်ငံရေးထွက်ပေါက်အနေနဲ့ သူတို့ဘက်က လုပ်ချင်နေတာဖြစ်တယ်။ ဒါကြောင့် ဒီတစ်ခေါက် စစ်ကောင်စီ ရွေးကောက်ပွဲဟာ အရင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအဆက်ဆက်နဲ့ နိုင်းယှဉ်ရင် ဂုဏ်သိက္ခာနဲ့ တန်ဖိုးအမဲ့ဆုံး ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး- ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ ပြည်သူလူထုရဲ့ သဘောထားက ဘယ်လိုမြင်လဲဆရာ။ လူထုရဲ့ သဘောထားကို လွှမ်းခြုံသုံးသပ်ချက်လေး သိပါရစေ။

ဖြေ- ပြည်သူ တွေဘက်ကတော့ သူတို့လိုလားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဒီရွေးကောက်ပွဲက ထွက်ပေါက်မဖြစ်နိုင်ဘူးလို့ မြင်တာများတယ်။ တစ်ဖက်မှာလည်း ဒီရွေးကောက်ပွဲဟာ ထွက်ပေါက် မဖြစ်တဲ့အပြင် မြန်မာနိုင်ငံရေးကို ပိုမိုရှုတ်ထွေးသွားစေနိုင်တယ်။ အမှန်က ပြည်သူလည်း စိတ်မဝင်စားဘူး။ ခုလို ပြည်သူလူထုလည်း ဒုက္ခအများကြီးရောက်နေကြတဲ့ ကာလမှာ ဒီရွေး ကောက်ပွဲကို တရားမျှတမှုမရှိနိုင်ဘူးလို့လည်း ကမ္ဘာကြီးကလည်း မှတ်ချက် ပြုထားတယ်။ သတ်မှတ်ထားတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs တွေကလည်း သတ်မှတ်ထားတယ်။ PDF အဖွဲ့တွေကလည်း ကန့်ကွက်ထားတယ်။ NUG ကလည်းကန့်ကွက်ထားတဲ့ အခြေအနေမျိုးမှာ ဒီရွေးကောက်ပွဲကို လုပ်တယ်ဆိုတာက လုံးဝတရားမျှတမှု မရှိနိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ ပြည်သူတွေလည်း စိတ်မဝင်စားဘူး။ မဲပေးဖို့ကလည်း လုံခြုံမှုရှိမှာမဟုတ်ဘူး။

မေး- ဟုတ်ကဲ့။ နောက်တစ်ခု ထပ်မေးချင်တာက လက်ရှိရခိုင်ပြည် အခြေအနေပါ။ ရခိုင်ပြည်သူတွေ အများစုက မြေပေါ် နိုင်ငံရေးပါတီတွေထက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ကိုဘဲ အားကောင်းကောင်းနဲ့ ထောက်ခံထားတာကို တွေ့ရပါတယ်။ ပီးရင် ရွေးကောက်ပွဲ အပေါ်လည်း ရခိုင်လူထုက စိတ်မဝင်စားဘူး။ ဒီတော့ ဒါက လက်ရှိ ရခိုင်နိုင်ငံရေးပါတီတွေ အတွက် အကျပ်အတည်းလို့ ပြောနိုင်ပါမလား။

ဖြေ- ရခိုင်နိုင်ငံရေးပါတီတွေအတွက် အကျပ်အတည်းမဟုတ်ပါ။ ပါတီနိုင်ငံရေးမရှိရင် နိုင်ငံရေးမလုပ် တတ်တဲ့သူတွေရဲ့ အကျပ်အတည်းသာဖြစ်တယ်။ ပါတီက ဒီလောက်ထိ မသာမာတဲ့ ရွေးကောက်ပွဲ ၊ အရှုပ်တော်ပုံနဲ့လုပ်တဲ့ ရွေးကောက်ပွဲ၊ သွေးစွမ်းနေတဲ့လက်နဲ့ လုပ်နေတဲ့ဒီရွေးကောက်ပွဲကို ပြိုင်ခြင်း အားဖြင့် ပါတီတွေရဲ့ ဂုဏ်သိက္ခာ တက်လာစရာအကြောင်းမရှိဘူး။ အဲဒီရွေးကောက်ပွဲမှာ ပါဝင်တဲ့ ပါတီတွေက အိမ်ဖြည့်ပေးတဲ့ အဆင့်မှာသာရှိတယ်။ တစ်ကမ္ဘာလုံး၊ တနိုင်ငံလုံးက မလိုလားတဲ့ ရွေးကောက်ပွဲကို ပြိုင်ခြင်းအားဖြင့် အဲဒီပါတီတွေဟာ ဂုဏ်သိက္ခာရှိနိုင်စရာအကြောင်းမရှိဘူး။ ဒါပေမဲ့ အဲဒီ ပုဂ္ဂိုလ်တွေဟာ ပါတီမရှိရင် နိုင်ငံရေးမလုပ်တတ်ဘူး။ ပါတီမရှိရင် နိုင်ငံရေး လုပ်လို့မရတော့ဘူး။ ULA/AA တော်လှန်ရေး ဘက်ကိုလည်း စွန့်စားရဲတာမဟုတ်။ ပါတီနိုင်ငံရေးအဖွဲ့ကိုဘဲ အာရုံ စိုက်နေတဲ့အခါ ပါတီဖျက်သိမ်းမှာကိုဘဲ စိုးရိမ်ကြောင့်ကြနေတယ်။ ပါတီဖျက်သိမ်းမှာထက် ကိုယ့်ပါတီဟာ စစ်ကောင်စီရဲ့ နိုင်ငံရေး ကစားကွင်းထဲမှာ အိမ်ဖြည့်ခံဘဝ၊ ထိုးကျွေးခံဘဝကို ရောက်လာမှာကိုတော့ မစဉ်းစားကြဘူး။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဂုဏ်သိက္ခာကျဆင်းမှာကို မစဉ်းစားဘူး။ ဒါကြောင့် ဒီအခြေအနေဟာ ပါတီရဲ့အကျပ်အတည်းမဟုတ်ဘူး။ ပါတီမရှိရင် နိုင်ငံရေး မလုပ်တတ်သူတွေရဲ့ အကျပ်အတည်းသာဖြစ်တယ်။

မေး- ရွေးကောက်ပွဲမဝင်ရင် ရွေးကောက်ပွဲဥပဒေအရ ပါတီဖျက်သိမ်းခံရမှာဆိုတော့ သူတို့ အကြောင်းပြတာကကော မှန်မနေဘူးလားခင်ဗျာ။

ဖြေ- ပါတီက ဒီနေ့ဖွဲ့ – ဒီနေ့ရတယ်။ ဒီနေ့ဖျက်- ဒီနေ့ရတယ်။ သူတို့ဖျက်လိုက်ပေမဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ ရွေးကော်ပွဲ မဝင်ဘဲနေခြင်းက နိုင်ငံရေးအရ ဂုဏ်သိက္ခာရှိတယ်။ တန်ဖိုးရှိတယ်။ ရွေးကောက်ပွဲ မဝင်ခြင်းအားဖြင့် ခေါင်းဆောင်တွေကို ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ခေါင်းဆောင်တွေအဖြစ် ပြည်သူတွေက လေးစားတန်ဖိုးထားကြမယ်။ နောင်တစ်ချိန် ဒီစစ်ကောင်စီနဲ့ ကင်းလွတ်သွားတဲ့ အချိန်မှာ သူတို့ ပြည်သူလေးစားတဲ့ ခေါင်းဆောင်တွေ ဖြစ်လာမယ်။ ပါတီဆိုတာ အချိန်မရွေး ဖွဲ့လို့ရတယ်။ ဒါ ကြောင့် ခြုံပြီးပြောရရင် ခုနက ကျွန်တော်ပြောသလို ပါတီတွေရဲ့ အကျပ်အတည်း မဟုတ်။ အဲဒီ ပါတီမရှိရင် နိုင်ငံရေးမလုပ်တတ်တဲ့၊ တခြားနည်းလမ်းတွေနဲ့ နိုင်ငံရေးမလုပ်တတ် မစွန့်စားရဲဝံ့တတ်တဲ့ သူတွေအတွက် အကျပ်အတည်းပါ။

မေး- မြန်မာနိုင်ငံက တချို့ဒေသတွေမှာကျတော့ ဒီရွေးကောက်ပွဲကို တရားဝင်ဆန့်ကျင်ကြတာတွေ။ လူဦးရေစာရင်း ကောက်တဲ့သူတွေ၊ ရွေးကောက်ပွဲ ထောက်ခံသူတွေကို ဖမ်းဆီးတာတွေရှိနေတဲ့အပြင် တချို့ဒေသတွေမှာဆို သတ်ပစ်တာတွေတောင်တွေ့ရပါတယ်။ ရခိုင်ပြည်မှာတော့ ဒီလိုအခြေအနေမျိုး မရှိတဲ့အတွက် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲက အေးအေးဆေးဆေး ဖြစ်သွားနိုင်တယ်လို့ မြင်ပါသလား။

ဖြေ- ရခိုင်ပြည်ရဲ့ နေရာအားလုံးမှာ ကျင်းပနိုင်ဖို့ ၊ မကျင်းပနိုင်ဖို့ကတော့ ULA/ AAရဲ့ သဘော ထားအပေါ်မှာဘဲ မူတည်တယ်။ ဗမာပြည်မှာလည်း နေရာအနှံ့အပြား ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောတယ်။ ဒါပေမဲ့ လုပ်ချင်မှ လုပ်နိုင်မယ်။ အထူးသဖြင့် ဖြစ်အောင်အပြုသဘောနဲ့ လုပ်မယ်ဆိုရင် နယ်မှာလုပ်လို့မရရင် မြို့မှာလုပ်ချင်လုပ်မယ်။ လုံခြုံစိတ်ချရတဲ့နေရာမှာ လုပ်မယ်။ အဲလို လုပ်မယ်ဘက် များပါတယ်။ ရွေးကောက်ပွဲကတော့ စံချိန်မီ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ နာမည်ခံရုံသက်သက် အပြုသဘော၊ အပြသဘောလုပ်မဲ့ ရွေးကောက်ပွဲမျိုးတော့ ဖြစ်နိုင်တယ်။ နောက်ဆုံးမြို့ထက်မှာတောင် လုပ်လို့မရရင်တော့ အစိုးရရုံးတွေကို အားနဲ့ခေါ်ပြီး စစ်ကောင်စီကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်းရေးပါတီကို မဲထည့်ခိုင်းမယ်။ ဒါကြောင့် အထမြောက်ဖို့ ဆိုတာက ခက်ခဲတယ်။ ရခိုင်ပြည် အနေနဲ့ကတော့ ULA/AA က ဒီရွေးကောက်ပွဲအပေါ် သဘောထားမှတ်ချက်မပေးသေးဘူး။ ULA/AA က မှတ်ချက်ပေးလို့ မလုပ်နဲ့ဆိုရင်တော့ ဘယ်သူမှလည်း လုပ်မှာ မဟုတ်။ ULA/AA က တိတ်ဆိတ်နေရင်တော့ ရွေးကောက်ပွဲ ဖြစ်သွားနိုင်တယ်။ ULA/AAက ဒီရွေးကောက်ပွဲဟာ မလိုလားအပ်တဲ့ အဆင့်လို့ သတ်မှတ်လိုက်ရင်တော့ ပါတီတွေကလည်း ပြိုင်ရဲမှာမဟုတ်။ တသီးပုဂ္ဂလိက တွေကလည်း ပြိုင်ရဲမှာ မဟုတ်ဘူး။ ဒါကြောင့် ULA/AA ရဲ့ အဆုံးအဖြတ်ဟာ အဓိကဖြစ်တယ်။

မေး- ဒါဆိုရင် ULA/AA ရဲ့ ရွေးကောက်ပွဲအပေါ်သဘောထားက ဘာတွေဖြစ်နိုင်မလဲခင်ဗျာ။

ဖြေ- ဒီအချိန်မှာ ရွေးကောက်ပွဲ အတွက် စာရင်းအင်းတွေကို ကောက်နေပေမဲ့ ULA/AA ကဘာမှမပြော။ ကန့်ကွက် တာလည်းမရှိ။ မှတ်ချက်ပေးတာလည်း မရှိဘူး။ အဲလို မကန့်ကွက် မှတ်ချက်မပေးတဲ့အတွက် ULA/AA က ထောက်ခံတယ်လို့ အဓိပ္ပါယ် မသက်ရောက်ဘူး။ ရခိုင်ပြည်မှာ ရွေးကောက်ပွဲက အဓိက ULA/AA အဆုံးဖြတ်အပေါ်မှာ မူတည်တယ်။ အဲဒီ အဆုံးအဖြတ်ပေးဖို့ အချိန်မှာ ULA/AA နဲ့ စစ်ကောင်စီတပ်ရဲ့ ဆက်ဆံရေးက အရေးကြီးတယ်။ အပစ်အခတ် ရပ်စဲရေးက အဲဒီအချိန်မှာ ရှိဦးမှာလား။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု တည်ဆောက်လို့က ရှိဦးမလား။ အဲဒါတွေအပေါ်မှာ အများကြီး မူတည်ပါတယ်။

မေး-နောက်ဆုံးအနေနဲ့ ဒီရွေးကောက်ပွဲက မြန်မာနိုင်ငံရဲ့ အကျပ်အတည်း ထွက်ပေါက်လို့ ပြောဆိုတာတွေကိုလည်း တွေ့ရပါတယ်။ အမှန်ကော ဒီစစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲက မြန်မာနိုင်ငံရဲ့ အကျပ်အတည်း ထွက်ပေါက်လို့ ပြောနိုင်မလား ဆရာ။

ဖြေ- ဒါကတော့ လုံးဝမှားတယ်။ မြန်မာနိုင်ငံရဲ့ ထွက်ပေါက်မဟုတ်။ မြန်မာနိုင်ငံ အကျပ်အတည်း ဖြစ်နေတာက စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်နေတာ။ စစ်အာဏာရှင် စနစ်ကြောင့် ဒီမိုကရေစီနဲ့ ဖယ်ဒရယ်အခွင့်အရေးတွေ နှစ်ပေါင်းများစွာ ဆိတ်သုဉ်းနေတာဖြစ်တယ်။ သူတို့ရဲ့ စိတ်ဓါတ်တွေကို မပြောင်းနိုင်သမျှ ဒီနိုင်ရေးဟာ အကျပ်အတည်း ဖြစ်နေမှာဖြစ်တယ်။ ဒါကြောင့် စစ်အုပ်စုရဲ့ ခေါင်းဆောင်တွေ စိတ်ဓာတ်တွေ အရင်ပြင်ဖို့လိုတယ်လို့ မြင်တယ်။ ဒီရွေးကောက်ပွဲဟာ စစ်ကောင်စီအတွက် သူတို့ရဲ့ ဘက်ပေါင်းစုံက အကျပ်အတည်းဖြစ်နေချိန်မှာ သူတို့အတွက် ဒီမိုကရေစီအစိုးရ ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရပြယုဂ်တစ်ခုကို သူတို့ဘက်က နိုင်ငံတကာကို ပြသဖို့ လိုလားတာဖြစ်တယ်။ ဒီရွေးကောက်ကြောင့် ဒီနေ့ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံရေး အကျပ်အတည်းတွေ ပြီးဆုံးသွားမှာ မဟုတ်ဘူး။ အဓိက အကျပ်အတည်းက သူတို့ အကျိုးစီးပွားအတွက် အာဏာကိုလုယူထားတဲ့ စစ်ကောင်စီနဲ့ မြန်မာစစ်တပ်ကြောင့် ဖြစ်နေတာ။ သူတို့ လုံး၀ ဒီနိုင်ငံရေးလောကထဲက ထွက်သွားမှသာလျှင် ဒီအကျပ်အတည်းတွေ အားလုံး ပြေလည်သွားမယ်။ ဒါကြောင့် ဒီအကျပ်အတည်းက ထွက်ပေါက်ရစေချင်တယ်ဆိုရင် စစ်ကောင်စီနဲ့ မြန်မာစစ်တပ်က မြန်မာနိုင်ငံရေးလောကကနေ အပြီးအပိုင်ထွက်ခွာသွားဖို့ဖြစ်တယ်လို့သာ ပြောချင်ပါတယ်။

ခိုင်လူလှ – (ရိုးမမြေ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here