တနင်္သာရီမှာ လက်နက်ကြီးထိမှန်တာကြောင့် အသက် ၉၀ ကျော် အဖွားအိုတစ်ဦး သေဆုံးပြီး ၁၅ ဦးဒဏ်ရာရ

0
199

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၉၀ ကျော် အဖွားအိုတစ်ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာ အနီးဝန်းကျင်တစ်ဝိုက်မှာ ဇန်နဝါရီ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေအကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲအတွင်း ဇန်နဝါရီ ၂၄ ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဥယျာဉ်ကမ်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၉၀ ကျော် အဖွားဒေါ်သိန်းခင် ကျည်ထိမှန် သေဆုံးခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဘန်းလမွတ်၊ ဗောဓိကမ်း၊ မော်တုန်းနဲ့ဥယျာဉ်ကမ်းကျေးရွာထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တာပါ။

တနင်္သာရီမြို့နယ် PDF တာဝန်ခံကတော့ တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာနိုင်တဲ့ အခြေအနေမှာရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထားသွားလာကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေလိုက်နာပေးဖို့ တိုက်တွန်းတာပါ။

တိုက်ပွဲတွေကြောင့် ဘန်းလမွတ်၊ ဗောဓိကမ်း၊ ဥယျာဉ်ကမ်း၊ ရမ်းဖို၊ ညောင်ပင်ကုန်း၊ တနင်္သာရီမြို့၊ အောက်ကမ်း၊ မော်တုန်းကျေးရွာတွေအပါအဝင်ကျေးရွာ ၁၀ ရွာကျော်က ဒေသခံ ၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတာပါ။

တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ခရီးသွားကားတွေအနေနဲ့ တနင်္သာရီမြို့နယ်အတွင်း ည ၇ နာရီမှ မနက် ၅ နာရီအထိ ဖြတ်သန်းသွားလာတာ မလုပ်ဖို့၊ စစ်ကောင်စီယာဉ်တန်းတွေနဲ့ ကပ်လျက်မသွားလာဖို့၊ ကားတွေ မှန်တံခါးချမောင်းပေးဖို့၊ စစ်ဆေးမှုတွေကို ကြည်ဖြူစွာအစစ်ဆေးခံဖို့ တနင်္သာရီ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here