တကောင်းမြို့အနီးရှိ ကျွန်းကြီးကုန်းရွာမှ ဒေသခံ ၄ ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

0
204

မန္တလေးတိုင်း၊ တကောင်းမြို့အနီးက ကျွန်းကြီးကုန်းရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ရွာသား ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားရုံမက နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်ဘက်မှ မန္တလေးတိုင်း၊ တကောင်းမြို့ဘက်ကိုဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းမှာ ကျွန်းကြီးကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ရွာသားများကိုလည်း ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံထားရသည့် ရွာသားများထဲက ၄ ဦးကို သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

“မနက် နှစ်နာရီကို အဲ့ဒီမှာ ကျနော်တို့ ကျွန်းကြီးကုန်းရွာက နော်နော်တဲ့ နော်နော်ဆိုတဲ့ကောင်က ကူတို့ပို့နေတဲ့ကောင်က လိုက်ပြတာ။ သူကနေပြီးတော့ လိုက်ပို့တာ။ ကျွန်းကြီးကုန်းရွာကို ဘယ်သူ့အိမ် ဘာညာဆိုတာကို လိုက်ပြတာ။ လိုက်ပြပြီးတော့ မနက်ကျတော့ ရွာကို ဝိုင်းထားပြီးပြီ။ ရွာကို ဝိုင်းထားပြီးတော့ ကိုမင်းနောင်တို့၊ မင်းအောင်တို့ မင်းမောင်ရဲ့သားရယ် တခါတည်းဖမ်းသွားတာ။ ၂၄ ရက်နေ့ မနက်ပါ့။ အဲ့ဒီမှာဖမ်း၊ ဖမ်းပြီးတော့ ကိုမင်းနောင်တို့၊ မင်းအောင်တို့ မင်းမောင်ရဲ့ သားအကြီးရယ် အဲ့ ၄ ယောက်တော့ သတ်ပစ်လိုက်ပြီ။”

ဇန္နဝါရီလ ၂၃ ရက်နေ့၊ ည ၁၀ နာရီအချိန်ခန့်တွင် ထီးချိုင့်မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့က နီကယ်စက်ရုံကိုဝင်ပြီး ၂၄ ရက်နေ့၊ နံနက် ၂ နာရီအချိန်တွင် ဧရာဝတီမြစ်ကို သံခွံမော်တော်နှင့်ကူးကာ သံခွံမောင်းသူ ကိုနောနော်ဆိုသူ၏ လမ်းပြမှုနှင့် မြစ်အနောက်ဖက်ခြမ်းရှိ တကောင်းမြို့နယ် ကျွန်းကြီးကုန်းကျေးရွာရှိ ရွာသားများကို ဘုန်းကြီးကျောင်းထဲတွင် ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဦးမင်းနောင်၊ ဦးမင်းအောင်၊ ဦးမင်းမောင်နှင့် ၎င်း၏သားကြီး စုစုပေါင်း ၄ ဦးအား စစ်သားများက ဥပဒေမဲ့ သတ်သွားခြင်း ဖြစ်သည်ဟု အသက် ၆၀ ခန့်အရွယ် ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

“ရွာသားတွေကလည်း တချို့ထွက်ပြေးတယ်။ တချို့ကလည်း ရွာထဲမှာမိတယ်။ ရွာထဲမှာမိတော့ ဘုန်းကြီးကျောင်းကို ခေါ်ထားတယ်။ ဘုန်းကြီးကျောင်းကို ခေါ်ထားတဲ့ရွာသားတွေကလည်း အခုထက်ထိမထွက်ရသေး ဘူး။ ၂၄ ရက်နေ့ ညက ဘယ်လိုလုပ်သလဲဆိုတော့ အထက်ပိုင်းက စက်လှေသုံးစင်းနဲ့ နဂိုကကို ဝိုက်ထားတဲ့ ခွေးတွေက ကိုမင်းမောင်တို့၊ ကိုမင်းအောင်တို့ သားအဖတွေကို သတ်ပြီးတော့မှ ရွာကို ဒီနေ့မနက် မီးရှို့တယ်။ တဲက ပဲအိတ်တွေကို ဒီနေ့မနက်ကားနဲ့ တိုက်ချသွားတယ်။ အဲ့ဒီကနေ ရွာကို မီးရှို့ပြီးတော့ စစ်ကိုင်းတိုင်း သူက မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့ဆိုတော့ သူက အခုက စစ်ကိုင်းတိုင်းနယ်မြေထဲကို ထီးချိုင့်မြို့နယ်ကို ကူးခဲ့ပြီ။”

အသတ်ခံလိုက်ရသည့် ကိုမင်းမောင်၏ တဲထဲတွင် ရိတ်သိမ်းထားသည့် မြေထောက်ပဲအိတ်များကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းဆည်းပြီး သံခွံပေါ်တင်သွားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

ထို့နောက် ဇန္နဝါရီလ ၂၅ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် တကောင်းမြို့နယ်၊ ကျွန်းကြီးကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင် မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူများ၏ နေအိမ် ၉ ဆောင် မီးရှို့ခံရပြီး နေအိမ်များအတွင်းရှိ အဖိုးတန်ပစ္စည်းများကိုလည်း စစ်သားများက မွှေနှောက်ရှာဖွေယူသွားကြသည်ဟု ရွာသားများက ပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းထဲက စစ်သားအချို့မှာမူ ကျွန်းကြီးကုန်းကျေးရွာကို မီးရှို့ပြီးနောက် စစ်ကိုင်းတိုင်းဖက်ရှိ ညောင်ပင်သာကျေးရွာဖက်ကို ကူးသွားခြင်းကြောင့် ထိုရွာက ရွာသားများလည်း ၎င်းတို့ရွာ မီးရှို့ခံရမည်ကို စိုးရိမ်နေကြသည်။

ကျွန်းကြီးကုန်းကျေးရွာအား မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းမှာ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်တွင် စစ်ရေးလှုပ်ရှားသွားလာနေသည့် အင်အား ၁၂၀ ဝန်းကျင်ပါသည့် စစ်ကြောင်းဖြစ်သည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here