ကျုံဒိုးအနီး တိုက်ပွဲကြောင့် ဒေသခံထောင်ချီ ထွက်ပြေးနေရ

0
161

ကရင်ပြည်နယ် ကျုံဒိုးမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကမ်းနီကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး နေအိမ်များ မီးလောင်နေသည့်အပြင် ဒေသခံ ၃၀၀၀ ကျော်ကလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

ကမ်းနီရွာခံ တစ်ဦးက “တိုက်ပွဲက ၂၃ ရက်နေ့က စဖြစ်တာ။ လက်နက်ကျည်တွေ အိမ်ပေါ်ကျကွဲနေတော့ ဒေသခံတွေ မနေရဲကြဘူး၊ ထွက်ပြေးကုန်ကြတယ်။ မနေ့ညကတော့ တိုက်ပွဲက ပိုပြင်းထန်လာတယ်။ နှစ်ဖက် ပစ်လိုက်တဲ့ လက်နက်ကြီးတွေကျလို့ ကမ်းနီမှာ နေအိမ် မီးလောင်သွားတာလဲရှိတယ်” ဟု ပြောသည်။

ကျုံဒိုးမြို့နယ်အတွင်းရှိ ကမ်းနီကျေးရွာတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇန္နဝါရီလ ၂၃ ရက်နေ့တွင် တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး ဇန္နဝါရီ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တွင် တိုက်ပွဲ ပိုမိုပြင်းထန်လာသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲကြောင့် ကျုံဒိုးမြို့နှင့် အနီးနားရှိ ကမ်းနီ၊ သရက်တော၊ ကော့ကျိုက်၊ ရွာကလေး၊ ကော့သာ၊ ညောင်ရိပ်သာ စသည့်ကျေးရွာများမှ ဒေသခံ ၃၀၀၀ ကျော်တို့သည် ဘားအံ၊ ဇာသပြင်၊ ကော့ဘိန်း၊ သံလှယ်၊ မော်လမြိုင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး/ငယ် ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ကမ်းနီ၊ သရက်တော၊ ကော့ကျိုက် အစရှိသည့် ကျေးရွာများမှ နေအိမ်အချို့ ပျက်စီးမှုရှိနေသည့်အပြင် မီးလောင်ကျွမ်းသွားသည့် နေအိမ်များလည်း ရှိနေသည်။

နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည့် ကမ်းနီကျေးရွာတဝိုက်တွင် ဇန္နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီဘက်က လေယာဥ်နှင့်ပါ တိုက်ခိုက်လာသည်ဟုလည်း ဒေသခံများက ပြောသည်။

သရက်တောကျေးရွာမှ တိမ်းရှောင်နေရသူ အမျိုးသမီးတစ်ဦးက “ရွာထဲမှာပဲ ပစ်ခတ်နေကြတော့ ဘယ်သူမှ မနေရဲကြတော့ဘူး၊ ရွာမှာ ယောက်ကျားလေးတွေပဲ တစ်ယောက်စ နှစ်ယောက်စ ကျန်နေတာ။ အမျိုးသမီး ကလေး/လူကြီး တစ်ယောက်မှ မကျန်တော့ဘူး ရွာမှာ။ တချို့က မော်လမြိုင်ဘက်ပြေးတယ်၊ ဘားအံ၊ ဇာသပြင် ကော့ဘိန်းဘက် ပြေးကြတာလဲရှိတယ်” ဟု ပြောသည်။

ကျုံဒိုးမြို့နယ် ကမ်းနီကျေးရွာဘက်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လေကြောင်းဖြင့် စစ်ကူပေးလျက်ရှိကြောင်းကို Lion Battalion Commando – ဗျူဟာစစ်ကြောင်းကလည်း သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိနေသည်ဟုလည်း Lion Battalion Commando – ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဘုရားသုံးဆူမြို့တွင်လည်း ဇန္နဝါရီလ ၂၃ ရက်နေ့ ညက မြို့ပေါ်ရှိ ရုံးပေါင်းစုံဝင်းကို ဗိုလ်လင်းယုန်ဦးဆောင်သည့် မြို့ပြပြောက်ကျားတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ရာ ရာနှင့်ချီသည့် ဒေသခံများက ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here