မြိုင်မြို့နယ်အတွင်းရှိ NUG ဆေးရုံအား စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်

0
214

မကွေးတိုင်း မြိုင်မြို့နယ် ဗဟင်းကျေးရွာက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး လက်တုံ့ပြန်တဲ့အနေနဲ့ ပျူစောထီးကျေးရွာကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပ.က.ဖ က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၂) ရက်နေ့ ကန်နီပျူစောထီးကျေးရွာကို နေ့လည်ပိုင်းကနေ ညပိုင်း အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုကို မြိုင် ပ.က.ဖတပ်ရင်း(၁)၊(၂)၊ ပခုက္ကူ ခရိုင်တပ်ရင်း(၂)၊ (၇)၊ ဒေါင်းနက်တပ်ဖွဲ့၊ ကျားသစ်နက်တပ်ဖွဲ့နဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ ပျူစောထီးအောင်ဆန်းဆိုတဲ့သူသေပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်။ ယခုဖြစ်စဉ်က ဗဟင်းကျေးရွာမှာ အပြစ်မဲ့ပြည်သူတွေကို Mi35 ဂျက်နဲ့ ပစ်ခတ်တိုက်ခိုက်တာတာကြောင့် လက်စားချေတုံ့ပြန်တာဖြစ်ပါတယ်။” လို့ မြိုင်ပ.က.ဖ တပ်ရင်း (၁) က ဗိုလ်လကျ်ာက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ မြို့ရွာအသီးသီးကို အလစ်အငိုက် စောင့်ကြည့် သတင်းယူ လက်စာချေ တိုက်ခိုက်သွားမယ်လို့ သူက ပြောပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဖွင့်လှစ်ထားတဲ့ ဗဟင်းတိုက်နယ်ဆေးရုံကို ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၁) ရက်နေ့က စစ်ကောင်စီက တိုက်ပွဲမရှိဘဲ Mi35 ဂျက်ဖိုက်တာနဲ့ ပစ်ခတ်ခဲ့လို့ PDF နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အသက် (၆၀) အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်းမှာ စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏလုပ်ဆောင်တာနဲ့ အနီးဝန်းကျင်က တပ်တွေထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here