ဖားကန့် မီးသတ်အရာရှိတစ်ဦးကို လက်နက်ကိုင်တစ်ဖွဲ့ ဖမ်းဆီးသွားပြီး ၅ ရက်ကြာ ပျောက်ဆုံးနေ

0
142

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မီးသတ်အရာရှိတစ်ဦးကို အမည်မသိလက်နက်ကိုင်တစ်ဖွဲ့က ဖမ်းဆီးခေါ်သွားပြီးနောက် ၅ ရက်ကြာသည်အထိ အဆက်အသွယ်မရ ပျောက်ဆုံးနေကြောင်း သိရသည်။

ဖားကန့် မြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ အရာရှိ ဦးပြည့်ငြိမ်းကို လွန်ခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က အပြင်ထွက်စဥ် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွာခြင်းဖြစ်ပြီး ယနေ့ထိအဆက်အသွယ်မရပျောက်ဆုံးနေကြောင်း မီးသတ်ရုံးနှင့် နီးစပ်သူတစ်ဦးက KNG ကို အတည်ပြုပြောကြားသည်။

”သုံးရက်ရှိပြီ ဖမ်းသွားတာ ဒီနေ့ထိ ရုံးကနေ ဆက်သွယ်လို့မရသေးဘူးတဲ့။ ဘယ်ကိုခေါ်သွားပြီး ဘယ်မှာပျောက်နေတယ်ဆိုတာ သတင်းစနတောင် မသိရသေးဘူး။ အဖမ်းခံလိုက်ရတာဟုတ်တယ်” ဟု ဖားကန့် မြို့နယ် မီးသတ်ရုံးနှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။

ဦးပြည့်ငြိမ်းသည် လက်ရှိဖားကန့် မီးသတ်ရုံး၌ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပြီး သူ့ကို မည်သည့်အဖွဲ့က ဖမ်းသွားသည်ကိုအတည်ပြုစုံစမ်းနေဆဲ ဖြစ်သည်။

ဖားကန့်မြို့နယ်တွင် စစ်အာဏာသိမ်းသည့်နောက်ပိုင်း စစ်ကောင်စီလက်အောက်၌ တာဝန် ထမ်းဆောင်နေသည့် ရဲဝန်ထမ်းများဖမ်းခံရမှု ဖြစ်စဥ်မျိုး ရှိခဲ့ဖူးပြီး မီးသတ်ဝန်ထမ်း ဖမ်းခံရမှုမှာ ယခုပထမအကြိမ်ဖြစ်သည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့ရှိ မီးသတ်ရုံးမှ ဦးစီးအရာရှိတစ်ဦးကိုလည်း ၂၀၂၁ ခုနှစ်တွင် KIA နှင့် PDF ပူးပေါင်းတပ်တို့က ဖမ်းဆီးသည့် ဖြစ်စဉ် ရှိခဲ့သည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here