ထီးချိုင့်တွင် စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်၊ နှစ်ဘက် အကျအဆုံးများ

0
145
ဓာတ်ပုံ - ထီးချုပ်မြို့နယ် အလယ်တောရွာအား တောင်ထိပ်မှမြင်ရစဉ် (ရှမ်းနီအသံ)

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား နှစ်ရက်တာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပူးပေါင်းတပ်ဘက်မှ ၂ ဦးကျဆုံးခဲ့ကာ စစ်ကောင်စီတပ်ဘက်မှလည်း အကျအဆုံးများပြားခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။

စစ်အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့မှစတင်ကာ ထီးချိုင့်မြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာအချို့သို့ ဝင်ရောက်စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဇန်နဝါရီလ ၈ ရက် နှင့် ၉ ရက်နေ့တွင် KIA+PDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“စကစ ဘက်ကတော့ တော်တော်လေး အထိနာသွားတယ်။ သူတို့ထီးချိုင့်မြို့ပေါ်ပြန်ဝင်တဲ့အချိန်မှာ ထမ်းဆင် ၇ ခုနဲ့ ဝင်သွားတယ်။ ကျနော်တို့ဘက်ကတော့နှစ်ဦးကျတယ် KIA ဘက်က တစ်ယောက်၊ PDF ဘက်က တစ်ယောက်“ ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချထားသည့် အလယ်တောရွာနှင့် အင်ကြင်းကုန်း ရွာ၂ ခုကြားတွင် တစ်ကြိမ်၊ အလယ်တောရွာနှင့် ထန်းကုန်းကျေးရွာကြားတွင် တစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု သူက ဆက်ပြောသည်။

ထို့နောက် ၄င်းစစ်ကြောင်းသည် ယမန်နေ့ ညနေပိုင်းတွင် အလယ်တောကျေးရွာမှ ထီးချိုင့်မြို့ပေါ်သို့ ပြန်လည်ထွက်ခွာသွားခဲ့ပြီး ထွက်ခွာသွားရာလမ်းတစ်လျှောက်က စစ်ဘေးရှောင်တဲတိုက်များကိုလည်း မီးရှို့သွားခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် များကဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးအပတ်တွင်လည်း အလယ်တောကျေးရွာ၌သာ စစ်ကောင်စီတပ်ဖွဲ့များနှင့် KIA၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်အပါအဝင် ၁၀ ဦးထက်မနည်း ကျဆုံးခဲ့သေးသည်။

အလယ်တောကျေးရွာနှင့် အနီးတစ်က်ရှိ ကျေးရွာများမှ ပြည်သူသောင်းချီသည်လည်း ပြီးခဲ့သည့် နိုဝင်ဘာလမှ ယနေ့အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရဆဲဖြစ်သည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here