“အာဏာဆက်ထိန်းနိုင်ဖို့ ဗျူဟာအထစ်တစ်ထစ်က သူတို့ရဲ့ လုပ်ငန်းသက်တမ်းအရ ဒီရွေးကောက်ပဲ ကျန်တယ်။ ရွေးကောက်ပွဲ လုပ်ပြီးသည်ဖြစ်စေ မပြီးသည်ဖြစ်စေ နောက်ထပ်ထွက်လာမယ့် ရလဒ်ပြီးရင် သူတို့ ဘာဆက်လုပ်မလဲဆိုတဲ့ဟာကိုတော့ ကျနော့်တစ်ယောက်အမြင်ကတော့ သူတို့အတွက် ရှင်းရှင်းလင်းလင်း မပေါ်သေးဘူးဖြစ်နေတယ်” ပဒိုမန်းမန်း (KNU တွဲဖက်အတွင်းရေးမှူးဟောင်း)

0
173

ကရင်အမျိုးသားအစည်းအရုံး-KNU တွဲဖက်အတွင်းရေးမှူး (၂) ဟောင်း ပဒိုမန်းမန်းနှင့် အမေးအဖြေ

အာဏာသိမ်းစစ်ကောင်စီ၏ ၂၀၂၃ ခုနှစ်အတွက် အပစ်ရပ်ကြေညာချက်၊ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု၊ ရွေးကောက်ပွဲအစီအစဉ်နှင့် တော်လှန်ရေး အင်အားစုများ စသည်တို့၏ ရှေးအလားအလာ ဖြစ်နိုင်ချေများနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး-KNU တွဲဖက်အတွင်းရေးမှူး (၂) ဟောင်း ပဒိုမန်းမန်းနှင့် ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- ဒီလကစပြီး လာမဲ့ ဒီဇင်ဘာလကုန်အထိ လုံခြုံရေးအကြောင်းပြချက်ကလွဲ၍ စစ်ရေးလှုပ်ရှားမှုမလုပ်ဖို့ စစ်ကောင်စီရဲ့ ကြေညာချက်အပေါ်မှာ ဘယ်လိုရှု့မြင်လဲ။

ဖြေ- သူ့ရဲ့ သမာရိုးကျ ဗျူဟာဖြစ်တဲ့ တစ်ဖက်ကို အပစ်ရပ်မယ်၊ နောက်တစ်ဖက်ကို ချေမှုန်းမယ်ဆိုတာက ဒါဟာ သူ့ရဲ့ သမာရိုးကျဗျူဟာ။ အခုက ဒါနဲ့ မရတော့ဘူး။ ဒါနဲ့ မရတော့တဲ့အခါကြတော့ သူတို့က ဧရိယာကန့်သတ်တဲ့ ဗျူဟာကို ပြန်ပြောင်းတာပေါ့။ နောက်တစ်ခါ အခြေအနေကို ကန့်သတ်တဲ့ ဗျူဟာကို ပြန်သုံးတာပေါ့။ ဒါကလည်း သူတို့အတွက် ထိရောက်မှုရှိမှာမဟုတ်ပါဘူး။

ပြောချင်တာက အခြေအနေအရ အပစ်ရပ်တယ်ဆိုတာကတော့ ဒါက အသုံးချခံသက်သက်ပါပဲ။ တကယ်တမ်းကြတော့ သူအပစ်မရပ်ပါဘူး။ ဆက်တိုက်ချင်တာကို ဆက်တိုက်သွားမှာပဲ။ တစ်ဖက်ကလည်းပဲ နိုင်ငံတကာကို ပြတဲ့သဘောလည်း ပါမှာပေါ့။ တိုင်းရင်းသားတွေကို လှည့်စားတဲ့ သဘောလည်းပါမှာပေါ့။ သူက တစ်နှစ်ပတ်လုံး အပစ်ရပ်လိုက်မယ်ပေါ့။ ဒါပေမဲ့ သူ့ရဲ့ချွင်းချက်က လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကို မထိပါး ရဘူးပေါ့။ ဆိုတော့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးက ဘာလဲဆိုတဲ့ဟာက အကျယ်ကြီး ဖြစ်တဲ့အတွက်ကြောင့် ဒီ ချွင်းချက် ခံထားတဲ့အပေါ်မှာတေ့ာ ဘားမှ မထူးပါဘူး။ သူတို့အတွက်လည်း ဒီလောက်ကြီး ထိရောက်နိုင်မှာ မဟုတ်ဘူး။ ကျနော်တို့ တော်လှန်ရေးအဖွဲ့အတွက်လည်း အထူးအဆန်းကြီး တစ်ခုလည်း မဟုတ်ပါဘူး။

မေး- စစ်ခေါင်းဆောင်ကလည်း ဒီနှစ်ဟာ ငြိမ်းချမ်းရေးနှစ်လို့ ကြွေးကြော်ထားတာလည်းရှိတဲ့အပေါ်မှာ ဘာပြောချင်လဲ။

ဖြေ- ငြိမ်းချမ်းရေးနှစ်ပဲခေါ်ခေါ် အပစ်ရပ်တယ်လို့ပဲပြောပြော သူ့ပါးစပ်ထဲမှာတော့ ပြောကောင်းလို့ ပြောတဲ့ဟာပဲပေါ့။ ဒါပေမဲ့ တကယ့်အနစ်သာရဖြစ်တဲ့ သူသွားမဲ့ တကယ့်ငြိမ်းချမ်းရေးက တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ ပပျောက်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်တွေ အရှိရေး အဲ့ဒါတွေ ချေမှုန်းရေး ရှင်းရှင်း ပြောရရင် တော့ အားလုံးလက်နက်ကိုင် လမ်းစဉ် စွန့်ရေး လက်နက်ချရမယ်ဆိုတဲ့ဟာပါပဲ။ ဒါကတော့ ဒီ ၂၀၂၁ခုနှစ်နောက် ပိုင်း သူသုံးတဲ့ ဒီနည်းနာတွေကတော့ ဘယ်လိုမှ ထိရောက်မှာမဟုတ်ဘူးလို့တော့ ကျနော်ပြောချင်ပါတယ်။ သူဘာပြောပြော အခုက ဘယ်သူမှလည်း နားမထောင်ဘူး။ စိတ်လည်းမဝင်စားကြတော့ဘူး။ ပြည်သူလူထုတစ် ရပ်လုံးကလည်း နားလည်နေပြီး။

မေး- တစ်ပြည်လုံးအတိုင်းအတာနီးပါး စစ်ကောင်စီကို ဆန့်ကျင်သလို နိုင်ငံတကာကလည်း အသိအမှတ်မပြုနေတဲ့ကြားက စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ခေါ်ယူဆွေးနွေးမှုကို သွားရောက်တွေ့ဆုံဆွေးနွေးတဲ့ လက်နက်ကိုင်အုပ်စု ဆက်ရှိနေသေးတာကို တွေ့ရတယ်။ ဘာကြောင့်လို့ထင်လဲ။ သူတို့ရဲ့ နိုင်ငံရေးအကျိုးစီးပွားက ဘာဖြစ်မယ်လို့ထင်လဲ။

ဖြေ- ဒီမှာက နှစ်ပိုင်းရှိပါမယ်။ စစ်ကောင်စီဘက်က အကျိုးစီးပွားအကျိုးရလဒ်နဲ့ သွားတွေ့တဲ့သူတွေရဲ့ အကျိုးစီးပွား အကျိုးရလဒ်ပေါ့။ သွားတွေ့တဲ့ တိုင်းရင်းသားအဖွဲ့တွေအတွက်ကတော့ တစ်စုံတစ်ရာအားဖြင့်တော့ အတိုင်းအတာတစ်ခုအနေနဲ့ အကျိုးရှိကောင်း ရှိနိုင်ပါမယ်။ သူတို့ရဲ့ အဖွဲ့အစည်းအတွက်ပဲပြောပြော တစ်ဦးချင်းအနေနဲ့ပဲပြောပြော တစ်စုတစ်ဖွဲ့အတွက်ပဲပြောပြော အကျိုးရှိကောင်း ရှိနိုင်ပါတယ်။

စစ်ကောင်စီအတွက်ကတော့ သူ့အတွက် နိုင်ငံရေးအရကော၊ စစ်ရေးအရကော၊ စည်းရုံးရေးအရကော ဘာမှ အကျိုးစီးပွား ရလဒ်ရှိမှာမဟုတ်ဘူး။ သို့သော်လည်းပဲ သူလုပ်စရာရှိတာကို သူဆက်လုပ်သွားမှာပဲ။ ပြီးတော့ ကျနော် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက မီဒီယာတွေမှာ ခန့်မှန်းပြောဆိုထားတဲ့အတိုင်းပဲ ၂၀၂၂အကုန် ၂၀၂၃ အဝင် လောက်မှာ သူက ငြိမ်းချမ်းရေးကို ခေါ်မယ်။ ငြိမ်းချမ်းရေးကို ခေါ်တဲ့ နေရာမှာ သူက တိုင်းရင်းသား အဖွဲ့အစည်း တွေကို အရင်ခေါ်မယ်။ အထူးသဖြင့် သူ PPST အဖွဲ့ကို ပြန် မျှားထားတယ်ပေါ့။ သူရသလောက် ဆွဲခေါ် လိမ့် မယ်။ အဲ့ကနေ စပြီးတော့မှ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေနဲ့ PDF တွေကို စပြီးတော့မှ သွေးခွဲမယ်။ အဲ့ဒါကနေပြီးတော့မှ ခွာထုတ်မယ်။ ဒါပေမဲ့ အဲ့ဒါတွေက မအောင်မြင်ခဲ့ဘူး။

သူတို့ရဲ့ ဗျူဟာအရကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးခေါ်မယ်။ PDF တွေနဲ့ ခွာထုတ်မယ်။ သူခေါ်လိုက်တဲ့အခါကြတော့ PPST ထဲက အင်အားအကြီးဆုံးဖြစ်တဲ့ အထူးသဖြင့် KNU ကို အဓိက တည်တာပေါ့။ လုံးဝမပါလာတဲ့အခါကြတော့ တခြားသော လက်နက်ကိုင်အဖွဲ့ငယ်တွေပဲ သွားတော့ စစ်ကောင်စီအတွက်က စောစောက ပြောသလို နိုင်ငံရေးအရကော စစ်ရေးအရကော ဘားမှ အကျိုးမရှိခဲ့ဘူး။ ဒါပေမဲ့ သူတို့ရဲ့ဗျူဟာကိုတော့ ဆက်ပြီးတော့ လုပ်ဆောင်သွားအုံးမှာဖြစ်တယ်။

သွားတွေ့တဲ့ အဖွဲ့အတွက်ကတော့ နိုင်ငံရေးအကျိုးစီးပွားတော့ ဘားမှရမှာမဟုတ်ဘူး။ အထူးသဖြင့် သူတို့ရဲ့ ဆက်လက်ရပ်တည်ရေး နဲ့ လှုပ်ရှားနိုင်ရေးအတွက်လောက်ပဲ တကယ့်သူတို့ရဲ့ နိုင်ငံရေး အရှိန်အဟုန်ကို မြှင့်တင် လာနိုင်မှာမဟုတ်ဘူး။ စစ်ကောင်စီနဲ့ သွားတွေ့အတွက် ပြည်သူလူထုကလည်း ထောက်ခံမှု မရှိသည့်အပြင် ကြာလေ သူတို့ရဲ့ နိုင်ငံရေးအရပါ မှေးမှိန်သွားနိုင်ပါတယ်။

မေး- ငြိမ်းချမ်းရေးဆွေးနွေးပွဲတို့၊ ငြိမ်းချမ်းရေး စကားလုံးတွေကို ထပ်ခါထပ်ခါအသုံးပြုနေတဲ့ စစ်ကောင်စီရဲ့သဘောထားကိုကော ဘယ်လိုသုံးသပ်လဲ။

ဖြေ- ငြိမ်းချမ်းရေးကို ဘယ်လောက်ပဲ ခေါ်ခေါ် ငြိမ်းချမ်းရေးကို ခုတုံးလုပ်ပြီးတော့မှ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေကို လက်နက်ဖြုတ်သိမ်းရေး လက်နက်ချရေး ဆိုတဲ့ ရိုးရှင်းတဲ့ ဗျူဟာကိုပဲသုံးနေတာပဲ။ ဒါပေမဲ့ ဒါတွေက မရတော့ပါဘူး။ သူတို့ ဘယ်လောက်ပဲ ထိုးခွဲ ထိုးခွဲ ပေါ်လွင်အောင် ပြောရမယ်ဆိုရင် KIO တစ်ခုလုံးက KNU တစ်ခုလုံးက လက်နက်ချသွားအုံးတော့ ကရင့်တော်လှန်ရေးက ရှိနေအုံးမှာပဲ ကချင့် တော်လှန်ရေးက ရှိနေအုံးမှာပဲ။ ပျောက်သွားအုံးမှာ မဟုတ်ဘူးဆိုတာကိုတော့ ကျနော်ကတော့ လုံးဝ ယုံတယ်။ အားလုံးကတော့ စစ်ကောင်စီရဲ့ ဗျူဟာအခင်းအကျင်းကို ဒါပြီးရင် ဘာလုပ်မလဲ ဒါပြီးရင် ဘာလာမလဲဆိုတာ ကတော့ အကုန်လုံး တွက်ချက်လို့ရပြီးသား စစ်ကောင်စီ သွားမဲ့ ခရီး နဲ့ လုပ်ဆောင်မဲ့ ဗျူဟာဆိုတာကိုလည်း မှန်းဆလို့ရထားပြီးသားလို့ ပြောရမှာ့ဖြစ်ပါတယ်။

မေး- သူတို့နဲ့ တိုက်ခိုက်နေတဲ့အုပ်စုနဲ့ ငြိမ်းချမ်းရေးမဆွေးနွေးပဲ သူတို့နဲ့ ဆက်ဆံရေးအဆင်ပြေနေတဲ့ လက်နက်ကိုင်အုပ်စုနဲ့ပဲ ငြိမ်းချမ်းရေး ဆွေးနွေးနေတာကကော ဘာကြောင့်ပါလဲ။

ဖြေ- စောစောက ပြောသလိုပဲ သူတို့ရဲ့ အဓိက ဗျူဟာက ၂၀၂၂ခုနှစ် နောက်ပိုင်း ၂၀၂၃ အစောပိုင်းမှာ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေကို အရင်ခေါ်မယ် PDF မပါဘူးပေါ့နော်။ နောက်ပြီးရင် လာအုံးမှာ ပါ ၂၀၂၃နှောင်းပိုင်းကျရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ချန်လှပ်ပြီး PDF အဖွဲ့တွေကို ငြိမ်းချမ်းရေး ခေါ်မယ်။ ဆိုတဲ့ဟာမျိုးတွေ ထပ်လာပါမယ်။ အခုလည်း လာနေပါပြီး သူတို့ရဲ့ အဆင့် ၃ ဆင့်ခွဲထားတဲ့ ထုတ်ပြန် ချက် တွေလည်းရှိနေပါပြီး။ ပထမအဆင့်မှာလုပ်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေခေါ်ပြီး PDF တွေကို ချန်လှပ်ထားမယ်ဆိုတာကလည်း တိုင်းရင်းသားအဖွဲ့အကြီးတွေ ပါမလာတော့ သူတို့အတွက် မအောင်မြင်ဘူး။

နောက်တစ်ဆင့်မှာကြတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ချန်ထားပြီးမှပဲ PDF နဲ့ NUG ကိုပဲ လက်ခံမယ်ဆိုတဲ့ ဟာမျိုးလည်း နောက်တစ်ဆင့် ပြန်လာပါအုံးမယ်။ ဒီ ၂၀၂၃ အတွင်းမှာပဲလုပ်ဆောင်သွားမှာပါ။ ဒါကလည်း အောင်မြင်မှာမဟုတ်ပါဘူး။ ဘာဖြစ်လဲဆိုတော့ မအောင်မြင်လဲဆိုတော့ ပထမတစ်ချက်အနေနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေက နှစ်ပေါင်း ၇၀ ကျော်မှာ ခေတ်အဆက်ဆက် စစ်အာဏာရှင်နဲ့ စစ်ရေး တိုက်ပွဲမှာပဲဖြစ်ဖြစ် နိုင်ငံရေး တိုက်ပွဲမှာပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းမှာပဲဖြစ်ဖြစ် အတွေ့အကြုံတွေများနေပြီး ရင့်ကျက်နေပြီး လို့ပဲ ကြီးကြီးမားမားပြောချင်တာပေါ့။ အဲ့အတွက်ကြောင့် ဘယ်လို အခြေအနေမျိုးပဲလာလာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေအတွက်ကတော့ အဆန်းကြီး မဟုတ်တော့ဘူး။

တစ်ဖက်မှာကလည်း ဒီ PDF တွေကို ပြန်စည်းရုံးပြီး တိုင်းရင်းသား အဖွဲ့တွေကို ချန်လှပ်ထားမယ်ဆိုတဲ့ဟာ ကလည်း ဒီလို ပူပူနွေးနွေးလေး ပြည်သူလူထုတွေကို နှိပ်ကွပ်နေတဲ့ဟာက တစ်မဟုန်ချင်း PDF တွေကို လှည့်စား ဖို့ဆိုတာက မလွယ်လောက်ဘူး။ တနည်းအားဖြင့် ပြောရရင် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေက အရင်တုန်းက ရှမ်း၊ ချင်း၊ ကချင်၊ ကရင်အဖွဲ့တွေလောက်ပဲရှိတာကို။ အခုက ဗမာတိုင်းရင်းသားကိုယ်၌က ပြန်ခုခံ တော်လှန်လာနိုင်ပြီး ဆိုတဲ့ အခြေအနေ အောက်မှာ ဘယ်လိုပဲ လှည့်စား လှည့်စား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း တွေကိုလည်း လှည့်စားလို့မရတော့ဘူး။ လက်ရှိတော်လှန်နေတဲ့ NUG ပဲဖြစ်ဖြစ် PDF ပဲဖြစ်ဖြစ် လှည့်စားလို့ မရနိုင်တော့ဘူး။

မေး- စစ်ကောင်စီလုပ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ အထွေထွေရွေးကောက်ပွဲကကော ဖြစ်လာနိုင်မယ်လို့ ထင်မြင်မိလား။ ဘာကြောင့် ရွေးကောက်ပွဲ လုပ်ချင်ရတာလဲ။

ဖြေ- ဖြစ်လာနိုင် မဖြစ်လာနိုင်က စောစောကဗျူဟာနဲ့ ဆိုင်တယ်။ ငြိမ်းချမ်းရေးခေါ်မယ်။ ငြိမ်းချမ်းရေးဗျူဟာကလည်း တိုင်းရင်းသားအဖွဲ့ကို အရင်ခေါ်မယ်။ PDF ကို ချန်မယ်။ ပြီးတော့ PDF ကိုခေါ်ပြီး တိုင်းရင်းသားအဖွဲ့ကို ချန်လှပ်မယ်။ ပြီးရင် ရွေးကောက်ပွဲလုပ်မယ်။ ရွေးကောက်ပွဲမှာလည်းပဲ တိုင်းရင်းသားပါတီ ဘယ်နပါတီ ပါလာနိုင်သလဲ။ ခုနက ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ငယ်လေးတွေက သူတို့ကို လာတွေ့တယ်ဆိုတဲ့ပုံရိပ်ကို ယူသွားသလို ရွေးကောက်ပွဲလုပ်မယ်ဆိုရင်လည်း တိုင်းရင်းသားနာမည်နဲ့ပါတဲ့ သူ့ကို ထောက်ခံတဲ့ တိုင်းရင်းသားပါတီငယ်လေးတွေ ပါလာတယ်ဆိုတာကိုလည်း သူပြမှာဖြစ်တယ်။

ကျနော်မြင်တာကတော့ သူဆက်လုပ်မှာပဲ။ ရသလောက် သူဆက်လုပ်မှာပဲ။ အဲ့ဒီဟာကတော့ သူတို့ရဲ့ ဆက်သွားမဲ့ဗျူဟာရဲ့ အဆုံးအစွန်အထိကို ဘယ်လောက်အထိ တွေးမြင်မှန်းဆထားလည်းဆိုတာကတော့ အကုန် ဖွင့်ပြောလို့မရဘူး။ ဒါကို အကုန်ပြောလိုက်ရင် ကျနော်တို့ တော်လှန်ရေး ဗျူဟာကို ထိခိုက်သွားနိုင်တဲ့ အတွက် အကုန်မပြောချင်သေးပါဘူး။

မေး- NUG ရဲ့ ဒီနှစ်ဟာ တော်လှန်ရေးရဲ့ အဆုံးအဖြတ်နှစ်လို့ကြွေးကြော်ထားမှုအပေါ်မှာကော ဘယ်လို သုံးသပ်ပြောဆိုချင်လဲ။

ဖြေ- ကျနော်နားလည်တာကတော့ တော်လှန်ရေးရဲ့ အရှိန်အဟုန်ကို အမြင့်ဆုံး စံချိန်ကို မြှင့်တင်နိုင်မယ့် နှစ် တစ်နှစ်လို့ နာလည်ပါတယ်။ ၂၀၂၃ ခုနှစ်ထဲမှာ တော်လှန်ရေး အောင်မြင်သွားမယ်လို့တော့ ပြောဆိုသွားတယ်လို့ အလုံးဆုံး မယူဆဘူး။ ဒါပေမဲ့လည်း အောင်မြင်သွားရင်လည်း အောင်မြင်သွားနိုင်တယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ၂၀၂၃ဟာ တော်လှန်ရေးရဲ့ အရှိန်အဟုန်ဟာ အမြင့်ဆုံး ဒီရေကို ရောက်သွားမယ်ဆိုတာကတော့ NUG အနေနဲ့ တွက်ဆပြီးတော့မှ တွက်ဆရုံမကဘူး သေချာပေါက် ဖြစ်လာမယ်လို့ လက်ခံယုံကြည်လုပ်ဆောင်သွားမယ်ဆိုတဲ့ သန္နိဌာန်ချတဲ့ အနေနဲ့ ဒါကို ပြောဆိုထုတ်ပြန်သွားတယ်လို့ပဲ နားလည် လိုက်ပါတယ်။

မေး- နောက်ဆုံးမေးချင်တာက စစ်ကောင်စီရဲ့ ဖြစ်လာနိုင်တဲ့အခြေအနေနဲ့ လက်ရှိဆက်သွားနေတဲ့ တော်လှန်ရေးရဲ့ အလှည့်အပြောင်းကိုလည်း သုံးသပ်ပေးပါအုံး။

ဖြေ- စစ်ကောင်စီဘက်ကလည်း ဆက်ပြီးတော့ အာဏာရနိုင်ရေးအတွက် တိုင်းရင်းသားတွေကော ပြည်သူလူထုတွေကော ဖိနှိပ်နိုင်ရေးအတွက် သူ့ရဲ့ ဗျူဟာကို ခင်းပြီးတော့ သွားနေတယ်။ ကျနော်တို့ တော်လှန်ရေးဘက်ကလည်း ဒီအပေါ်မှာ စစ်အာဏာရှင် အမြစ်ပြတ်နိုင်ရေးဗျူဟာတွေကို ကျနော်တို့ ချမှတ်နေတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်က သမာရိုးကျ အရင်က လုပ်နေကျနည်းနာတွေနဲ့ပဲ လုပ်သွားတာဖြစ်တယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အားလုံးဘက်ကလည်း ဒါတွေက ရိုးနေပြီး အကွက်ဆန်းကြီးမဟုတ်တော့ဘူး။ ဒီအပေါ်မှာလည်း ဘယ်လို ပြန်တုန့်ပြန်ရမလဲ ဆိုတဲ့ဟာအပေါ်မှာလဲ ပြင်ဆင်ရင် ပြင်ဆင်နိုင်သလောက် တုန့်ပြန် နိုင်စွမ်းရှိတယ်။

နောက်တစ်ခုက စစ်ကောင်စီရဲ့ ဆက်ပြီးတော့ အာဏာဆက်ထိန်းနိုင်ဖို့ရဲ့ ဗျူဟာ အထစ်တစ်ထစ်က သူတို့ရဲ့ လုပ်ငန်းသက်တမ်းအရ ဒီရွေးကောက်ပဲကျန်တယ်။ ရွေးကောက်ပွဲ လုပ်ပြီးသည်ဖြစ်စေ မပြီးသည်ဖြစ်စေ နောက်ထပ် ထွက်လာမယ့် ရလဒ်ပြီးရင် သူတို့ ဘာဆက်လုပ်မလဲဆိုတဲ့ဟာကိုတော့ ကျနော့်တစ်ယောက်အမြင် ကတော့ သူတို့အတွက် ရှင်းရှင်းလင်းလင်း မပေါ်သေးဘူးဖြစ်နေတယ်။ ရွေးကောက်ပွဲ ရလဒ် ထွက်လာပြီးမှပဲ သူတို့ လုပ်ကောင်းလုပ်မယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲ ရလဒ်အပေါ် ပြည်သူလူထုကော နိုင်ငံတကာကကော ဘယ်လောက်ထိ ထောက်ခံနိုင်မလဲဆိုတာက ရွေးကောက်ပွဲပြီးမှပဲ ကျနော်တို့ ပြောလို့ရမှာဖြစ်တယ်။

အခုကတည်းက မှန်းလို့ရပါတယ်။ မှန်းလို့ရတယ်ဆိုပေမဲ့ ကျနော်တို့ရဲ့ တော်လှန်ရေး စစ်ရေးဗျူဟာ နိုင်ငံရေးဗျူဟာကလည်း ရှိနေသေးတော့ အကုန်ထုတ်ဖော်ပြောဖို့ အဆင်မပြေသေးပါဘူး။ တော်လှန်ရေးဘက်မှာကြတော့ ဗျူဟာအနေနဲ့ စုပေါင်း ချသည်ဖြစ်စေ တစ်ဖွဲ့ချင်းချသည်ဖြစ်စေ ကျနော်တို့ရဲ့ပန်းတိုင်က တစ်ခုတည်းပဲဖြစ်တယ်။ တပ်ပေါင်းစုအနေနဲ့ တစ်ဖွဲ့တည်း တည်ဆောက်လို့မရနိုင်ခဲ့ပေမဲ့ ကျနော်တို့ရဲ့ပန်းတိုင်က အဆုံးအစွန်က တူညီနေတဲ့အတွက် ကျနော်တို့ တစ်နေရာရာမှာ သွားဆုံကြမှာ ဖြစ်တယ်။ ဒါက ပထမအားသာချက်။

ဒုတိယမှာက NUG ကနေ ပေါ်ပေါက်လာတဲ့ ဗမာ့လက်နက်ကိုင် တပ်ဖွဲ့ပဲပြောပြောပေါ့ အခုရှိနေတဲ့ အခင်းအကျင်းက အရင်က ဖြစ်နေတဲ့ ၉၀ ခုနှစ်က NCGUB နဲ့က နည်းနည်းလေး ကွာသွားတာက NCGUB တုန်းက အဝေးရောက် အစိုးရအနေနဲ့ပဲ ဆက်ပြီးဖွဲ့ထားပြီးတော့မှ မြေပြင်မှာ လက်နက်ကိုင်တပ်ဖွဲ့ ကာကွယ်ရေးဌာနဆိုတာ မရှိဘူးဖြစ်တယ်။ ကနေ့မှာကြတော့ NUG မှာ ကာကွယ်ရေးဌာနနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရှိတယ်။ လက်နက်ကိုင်တွေမှာမှ NUG လက်အောက်မှာပဲ မဟုတ်ဘူး Local PDF အနေနဲ့ တစ်နိုင်ငံလုံးမှာရှိနေတဲ့အတွက် အခိုင်အမာကိုက တော်လှန်ရေးကြီးရဲ့ အားအကောင်းဆုံး မောင်းနှင်အား အရှိန်အဟုန်ထဲကိုရောက်နေပြီး ဖြစ်တယ်။ အဲ့အတွက် လိုတာတစ်ခုပဲ ရှိတာက နိုင်ငံရေး ဦးဆောင်မှုကို မြန်မြန်ဆန်ဆန် ဖော်ဆောင်နိုင်မယ်ဆိုရင်တော့ ကျနော်တို့ တော်လှန်ရေးကြီးက ပိုပြီးတော့ မြန်မြန်ဆန်ဆန်ကို အောင်မြင်နိုင်မှာဖြစ်ပါတယ်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here