29 မတ် 2024 /

See today's Peace Related News

“စစ်တပ်အချင်းချင်းသာ ပြင်ဆင်ဖို့ ဆွေးနွေးနေကြတာဖြစ်တော့ အစိုးရမရှိ လွှတ်တော်မရှိ၊ လွှတ်တော်ကိုယ်စားလှယ်လည်းမရှိတော့ ဆွေးနွေးလည်း အကျုံးဝင်နိုင်မှာ မဟုတ်ဘူး၊ ကျနော်တို့ ဆွေးနွေးနေလည်း မူကြမ်းအနေနဲ့သာ ဆက်ဖြစ်နေအုံးမှာလေ။ စစ်ကောင်စီအနေနဲ့လည်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး” ဒု-ဗိုလ်မှူးကြီးစိုင်းစု(ပြောရေးဆိုခွင့်ရှိသူ၊ SSPP/SSA)

SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီးစိုင်းစုနှင့် အမေးအဖြေ

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီ ၅ ရက်ကနေပြီး ဇန်နဝါရီ ၇ ရက်ထိ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲ့ဒီ တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီး SSPP အနေဖြင့် ဘာတွေ ဆွေးနွေးခဲ့လဲဆိုတာကို SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒု- ဗိုလ်မှူးကြီး စိုင်းဆုကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ NSPNC နဲ့ ဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်း အခြေအနေလေးတွေကို ပြောပြပေးပါအုံးရှင့်။

ဖြေ ။ ။ အခြေခံ ဥပဒေ ၂၀၀၈ ပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးခဲ့သမျှ ကျနော်တို့တင်ပြတဲ့ လိုချင်တဲ့အတိုင်းမဟုတ်တော့ ဒီနေ့ ဆွေးနွေးမှုကလည်း မှတ်တမ်းအနေနဲ့ပဲ ရှိနေပါတယ်။ နိုင်ငံရေး စစ်ရေးတွေနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှ ထွေထွေထူးထူးမရှိဘူး။ အားလုံးက မှတ်တမ်းအနေနဲ့ပဲ ရှိပါတယ်။ ဆုံးဖြတ်ချက်တစ်ခုရတာကတော့ နောက်လာမယ့် မတ်လထဲမှာ နောက်တစ်ကြိမ်ထပ်ပြီး တွေ့ဆုံ ဆွေးနွေးဖို့ အဲ့ဒါပဲ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရခဲ့တယ်။ တခြားဆွေးနွေးဖြစ်ခဲ့တာကတော့ နယ်မြေတိုးတက်ရေးနဲ့ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး စတာတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။

မေး ။ ။ ဒီလိုမျိုး ဆွေးနွေးဖြစ်ခဲ့တာတွေအတွက်ရော SAC ဘက်ကနေ သဘောတူလက်ခံတဲ့အချက်တွေ ရှိလား။

ဖြေ။ ။ ပညာရေးအပိုင်းအနေ နဲ့ ပြောရမယ် ဆိုလို့ရှိရင် ကျနော်တို့ နယ်မြေထဲက တက္ကသိုလ်ဝင်တန်း ဖြေဆို အောင်မြင်ပြီး သူတွေဟာ တကယ်လို့ ဖွံ့ဖြိုးရေး တက္ကသိုလ် တက်ချင်သူတွေ ၊ ဆေးကျောင်း တက်ချင်တဲ့သူတွေ စသဖြင့်ပေါ့နော် ရှိလာခဲ့ရင် သူတို့ဘက်ကတော့ ကူညီပေးဖို့ ပြောဆိုဖြစ်တာ ရှိတယ်၊ ဒါက ကျနော်တို့ ဌာနချုပ်က ကလေးတွေရော၊ ကျနော်တို့ ပြည်သူလူထုတွေရဲ့ သားသမီးတွေရာ တက်ချင်တယ်ဆိုရင် ဒါက ကျနော်တို့ကနေ တစ်ဆင့် ကျောင်းဝင်ခွင့် မြန်မြန်ရအောင် လုပ်ဆောင်ပေးဖို့ပါ၊ ဒီက ကျောင်းသားတွေကို အထူးအနေနဲ့ ကျောင်းဝင်ခွင့် ကျောင်းတက်ခွင့် မြန်မြန်ရအောင် ကူညီဆောင်ရွက်ပေးတဲ့ သဘောပေါ့။ ဒါကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ဆွေးနွေးမှုမှာ ကျနော်တို့ ဆွေးနွေးတင်ပြတဲ့ ခေါင်းဆောင်က သူတို့ဘက်က သိပ်အဖက်မလုပ်လို့ ကျနော်တို့ ပြည်သူလူထုအတွက် အကျိုးအမြတ်ရအောင် ပညာရေးပိုင်းကနေ တောင်းဆိုဖြစ်တဲ့အရာပေါ့။

မေး ။ ။ လက်ရှိ အခြေအနေအရဆိုရင် ဒီ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက်ရော အခြေအနေ ဘယ်လိုရှိလဲရှင့်။

ဖြေ။ ။ လက်ရှိ အခြေအနေ အရဆိုရင်တော့ ၂၀၀၈ အခြေခံ ဥပဒေ နဲ့ ပတ်သက်ပြီး ကျနော်တို့ ဆက်ဆွေးနွေးလို့ မဖြစ်နိုင်သေးပါဘူး၊ ကျနော်တို့ အရင်က ဒီ ၂၀၀၈ ပြင်ဆင်ရေး မူတွေကို အရင်က တင်ပြခဲ့တယ်၊ ဒါပေမဲ့ သူတို့က လက်မခံတော့ အခုမှာလည်း ဒီအကြောင်းကို ဆက်ဆွေးနွေးမယ်ဆိုရင်လည်း သူငြင်း ငါငြင်းတွေ ဖြစ်ကုန်မှာ၊ ဒါကြောင့်မို့ လာမည့် လွှတ်တော်မှာပဲ ဒီပြင်ဆင်ရေး အလုပ်ဖြစ်မယ်လို့ ထင်ပါတယ်၊ အခုမှာတော့ စစ်တပ်အချင်းချင်းသာ ပြင်ဆင်ဖို့ ဆွေးနွေးနေကြတာဖြစ်တော့ အစိုးရမရှိ လွှတ်တော်မရှိ၊ လွှတ်တော်ကိုယ်စားလှယ်လည်း မရှိတော့ ဆွေးနွေးလည်း အကျုံးဝင်နိုင်မှာ မဟုတ်ဘူး၊ ကျနော်တို့ ဆွေးနွေးနေလည်း မူကြမ်းအနေနဲ့သာ ဆက်ဖြစ်နေအုံးမှာလေ။ စစ်ကောင်စီအနေနဲ့လည်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။

မေး။ ။ လက်ရှိမှာ SSPP/SSA အနေနဲ့ပြင်ဆင်ဖို့ တင်သွင်းထားတဲ့ ၂၀၀၈ ထဲက ဘယ်နှခေါက်ရှိနေပြီလဲ။

ဖြေ။ ။ အခုတစ်ခေါက်က ကျနော်တို့ ဘက်ကနေ ၂၀၀၈ ပြင်ဆင်ဖို့ တင်သွင်းတာတော့ မရှိပါဘူး၊ အရင်တစ်ခေါက်က ကျနော်တို့ တင်သွင်းတာကို သူတို့ဘက်က လက်မခံတော့ ကျနော်တို့လည်း ဆက်မပြောနိုင်တော့ဘူး၊ အရင်တခေါက် ကျနော်တို့ တင်သွင်းတာက ၂၀၀၈ ရဲ့ လုံးဝ အခြေခံထဲ က အချက်တွေ ဖြစ်ပါတယ်၊ ဒါကို သူတို့ဘက်က လက်ခံနိုင်မယ်ဆိုရင် ကျနော်တို့ဘက်က ဆက်လက် ဆွေးနွေးဖို့ ပုဒ်မတွေကို ဖော်ပြဖို့က ပိုပြီးတော့ ကောင်းတာပေါ့၊ အခုတော့ သူတို့ဘက်က ကျနော်တို့ တင်ပြတာကို လက်မခံတော့ သူတို့ဘက်က လိုချင်တဲ့ တင်ပြချက်တွေကိုလည်း ကျနော်တို့ အင်းမလုပ် အဲမလုပ်ပါဘူး။ ကျနော်တို့က သုံးဖွဲ့ အတူတက်တာလေ၊ ဆိုတော့ ကျနော်တို့ နဲ့ မဆိုင်တဲ့ အချက်တွေကိုတော့ ဝင်မပါဘူး။

မေး ။ ။ အခု တွေ့ဆုံတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ SSPP/SSA အနေနဲ့ ဘာတွေကို မျှော်လင့်ထားလဲ။

ဖြေ ။ ။ ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့နဲ့ပဲ ဆွေးနွေးချင်တာ မဟုတ်ဘူး၊ အဖွဲ့အစည်း အားလုံး ပါတီတွေအားလုံးကိုလည်း လက်ကမ်းဖိတ်ခေါ်စေချင်တယ်၊ နိုင်ငံရေး ပြဿနာတွေ အားလုံးကို ဒီလိုမျိုး စားပွဲပေါ်မှာပဲ ဆွေးနွေး အဖြေရှာစေချင်တယ်၊ စစ်ရေးနဲ့ မဖြေရှင်းစေချင်ဘူး၊ စစ်ရေး နဲ့ ဖြေရှင်းလို့ လေယာဥ်တွေနဲ့ပါ တိုက်ခိုက်နေလည်း အခုလို နှစ်ပေါင်း ၇၀ အထိ စစ်ရေးက ရှည်နေမှာပဲ၊ အခု ဆွေးနွေးမှုက မပြီးရင် နောက်တခေါက်မှာ ပြီးချင်ပြီးလိမ့်မယ်၊ ဒီလို ဆွေးနွေးမှုတွေက အချင်းချင်း သတ်ဖြတ်နေတာမျိုးထက် အရှုံးနည်းတယ်၊ အချင်းချင်းတစ်ဖက်နဲ့ တစ်ဖက် သတ်ဖြတ် တိုက်ခိုက်နေကြတာတွေက နိုင်ငံတော်အတွက်လည်း ဘာမှ မကောင်းဘူး၊ ပြောချင်တာက ဒီလို ဆွေးနွေးတာကို ကျနော်တို့ ဘက်ကလည်း လက်ကမ်းကြိုဆိုပါတယ်၊ ဘယ်အဖွဲ့အစည်းနဲ့ မဆိုပေါ့။

မေး ။ ။ ထပ်ပြီး ဖြည့်စွက်ပြောချင်တာမျိုးရှိရင် ပြောပေးပါအုံးရှင့်။

ဖြေ ။ ။ အခု စစ်ကောင်စီ ဘက်ကနေ ၂၀၂၃ ခုနှစ် တစ်နှစ်လုံး အပစ်အခတ် ရပ်မယ်လို့ ကြေညာထားတယ်၊ ဒီလို တစ်နှစ်လုံး အချိန်ကြာကြာ အပစ်ရပ်မယ်လို့ ကြေညာတာက ဒါ ပထမဆုံးအကြိမ်လည်း ဖြစ်နေတယ်၊ အဲ့ကြောင့်မလို့ အခုလို စစ်ကောင်စီဘက်ကနေ အပစ်ရပ် ကြေညာထားတဲ့ ကာလအတွင်းမှာ ကျနော်တို့ သျှမ်းပြည် ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းစေဖို့အတွက် စစ်ရေးမက်ရာတွေလည်း လျှော့ချပြီး ဝမ်းစာရှာဖွေရေးတွေ ပိုမိုလွယ်ကူလာနိုင်စေဖို့အတွက် အဖက်ဖက်က အဖွဲ့အစည်းတွေ ယုံကြည်မှုတွေ ခိုင်ခိုင်မာမာ တည်ဆောက်ကြပါလို့ တိုက်တွန်း ပြောဆိုလိုပါတယ်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။