ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) တပ်ရင်းများ ၂၀၂၃ ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်မည်

0
275

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ရင်းများ ၂၀၂၃ ခုနှစ်အတွင်း စစ်ရေး အရှိန်မြှင့်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ထိုသို့ စစ်ရှိန်မြင့်ရေးအတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ရင်းများသည် ယနေ့ ဇန်နဝါရီ ၅ ရက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“ ဆွေးနွေးပွဲတွင် ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်မည့် စီမံချက်များနှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆုံးဖြတ်အတည်ပြုခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ တာဝန်ရှိသူများမှ လိုအပ်သည်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့သည်” ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုထားသည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) သည် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်၌ စုဖွဲ့ထားသော တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိတွင် အမှတ် – ၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅ တပ်ရင်း ၅ ရင်းဖြင့် စုဖွဲ့ထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှတစ်ဆင့် သိရှိရသည်။

နောက်ထပ် တပ်ရင်းအသစ်များ တိုးချဲ့စုဖွဲ့ရန်အတွက်လည်း ပြင်ဆင်လျက်ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ရင်းများသည် မေမြို့နှင့် နောင်ချိုမြို့နယ်ထဲတွင် စစ်ကောင်စီတပ်များဖြင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိုထိတွေ့တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်သား သေဆုံးသူ အများအပြားကြောင်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ဖော်ပြချက်အရ သိရှိရသည်။

ခိုင်လူလှ (ရိုးမမြေ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here