ရခိုင်တွင် စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေးနေ

0
189

ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခကြောင့် ‌ဘေးလွတ်ရာနေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီက ဖိအားပေးမှုများရှိကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ရခိုင်ပြည်မြို့တော် စစ်တွေမြို့ပေါ်တွင်ရှိသည့် စစ်ဘေးရှောင်စခန်း ၂၀ ကျော်က စစ်ဘေးရှောင်များ နေရပ်ပြန်ရန်အတွက် စစ်ကောင်စီက စခန်းတာဝန်ရှိသူများကို ဖိအားပေးမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

မြို့ပေါ်ရှိစစ်ဘေးရှောင်စခန်းတာဝန်ရှိသူများကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့က မြို့နယ်ထွေ/အုပ်က ONE STOP SERVICE (OSS) ရုံးသို့ အစည်းအဝေးခေါ်ယူကာ နေရပ်ပြန်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဲဒီနေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စခန်းတာဝန်ရှိသူတွေကို ခေါ်ပြီးတော့ စာရွက်တစ်ရွက်ပေးတယ်။ အဲဒီမှာ အချက် ၃ ချက်ပါတယ်။ တကယ်လို့ မိမိနေရပ်ကို ပြန်မယ်ဆိုရင် ငွေကျပ် ၆ သိန်းနဲ့ ဆန် ၂ အိတ် ပေးမယ်ဆိုပြီးတော့ ပြောတယ်” ဟု အမည်မဖော်လိုသည့် စခန်းတာဝန်ရှိသူက ပြောသည်။

ဆက်လက်ပြီး အဆိုပါ အမည်မဖော်လိုသည့် စခန်းတာဝန်ရှိသူက “အဲဒီငွေတွေကိုလည်း သူတို့က လက်တွေ့ပေးတာလည်း မဟုတ်ဘူး။ တကယ်လို့ သူတို့ ပေးမယ်ဆိုရင်လည်း ကျနော်တို့က နေရပ်မပြန်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွာမှာ သူတို့ (စစ်တပ်) က အခုအချိန်ထိ တပ်စွဲထားတယ်” ဟု ပြောသည်။

ထွေ/အုပ်ကပေးသည့် စာရွက်တွင် မူလနေရပ်ကိုပြန်လိုသူများနှင့် မိမိအစီအစဉ်ဖြင့် ဆွေးမျိုးနှင့်အခြားနေရာတွင် နေထိုင်လိုသူများကို ငွေကျပ် ၆ သိန်းနှင့် ဆန် ၂ အိတ်ပေးမည်ဟု ပါရှိကြောင်း သိရသည်။

ထို့ကြောင့် စစ်ဘေးရှောင်အချို့မှာ စစ်ကောင်စီက စီစဉ်ပေးသည့်နေရာတွင် နေထိုင်ရန် လက်မှတ်ထိုးပေးလိုက်ကြောင်းလည်း စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် နေထိုင်သည့် ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာသားတစ်ဦးက ပြောသည်။

“ကျမတို့ကတော့ ကိုယ့်ရွာကိုလည်း မပြန်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွာမှာ သူတို့ (စစ်သား) တွေ တပ်စွဲထားတယ်။ နောက်ပြီးတော့ စစ်ကျန်လက်နက်တွေကိုလည်း ရှင်းပေးတာမရှိသေးဘူး။ တခြားနေရာတွေမှာ ကိုယ့်အစီအစဉ်နဲ့ နေမယ်ဆိုရင်လည်း အဆင်မပြေဘူး။ ဒါကြောင့် သူတို့ (စစ်ကောင်စီ) စီစဉ်ပေးမယ့် နေရာမှာပဲနေဖို့ လက်မှတ်ထိုးလိုက်ရတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှ စတင်ကာ စစ်တွေမြို့ပေါ်တွင် ဗုဒ္ဓေါမော်၊ အလိုတော်ပြည့်၊ ငါးစရိုင်းချောင်း၊ ဉသလင်း စသည့် ဘုန်းတော်ကြီးကျောင်းနှင့် အခြားစစ်ဘေးရှောင်စခန်းများ စုစုပေါင်း ၂၀ ကျော်တို့တွင် ရခိုင်ပြည်မြောက်ပိုင်းမြို့နယ်များနှင့် ပလက်ဝဒေသတို့မှ စစ်ဘေးရှောင်အများအပြား နေထိုင်လျက်ရှိနေကြသည်။

ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ စစ်ဘေးရှောင်များကို စစ်ကောင်စီက နေရပ်သို့ ပြန်ပို့ပေးခဲ့ပြီး ယင်းစစ်ဘေးရှောင်များမှာ လက်ရှိတွင် စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ နားလည်မှုဖြင့် အပစ်ရပ်စဲထားသော်လည်း စစ်ဘေးရှောင်များအား အဓိက ကူညီထောက်ပံ့ပေးနေသည့် NGO/INGO နှင့် အရပ်ဖက်အဖွဲ့အစည်းများမှာ လွတ်လပ်စွာ ထောက်ပံ့ခွင့် မရသေးပေ။

ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲကြောင့် သြဂုတ်လမှ အောက်တိုဘာလ ၁၁ ရက်နေ့ အထိ စစ်ဘေးရှောင်ဦးရေ ၁၆,၀၀၀ ရှိလာပြီး ယခင်တိုက်ပွဲကာလက နေရပ်မပြန်နိုင်သေးသည့် လူဦးရေနှင့် ပေါင်းလျှင် ၉၀,၀၀၀ ကျော်အထိ ရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အောင်ထိန် (DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here