ပုလောမြို့နယ်မှာ စစ်ကောင်စီတပ် ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီး

0
198

တိုက်ပွဲပြင်းထန်နေတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၉ နာရီလောက်မှာ ပလမြို့ကနေ ပုလောဘက်ကို စစ်ကြောင်းထိုး လာတဲ့ စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းနဲ့ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တိုကျေးရွာက နေအိမ် ၂၁ လုံး၊ တန်းရှင်းကျေးရွာက နေအိမ် ၉ လုံး၊ သင်္ကန်းတောကျေးရွာက နေအိမ် ၂ လုံး၊ စုစုပေါင်း နေအိမ် ၃၂ လုံး မီးလောင် ပျက်စီးခဲ့ပါတယ်။

ပုလောတိုက်ပွဲဟာ ဒီနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ မနက်ပိုင်းအထိ မြိတ်-ထားဝယ်ကားလမ်းပေါ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်ထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာကြောင့် တိုရွာ၊ တန်းရှင်း၊ သင်္ကန်းတောကျေးရွာအပါအဝင် အနီးအနားကျေးရွာ ၆ ရွာလောက်က ဒေသခံ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း ပလမြို့ တိုကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here