ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ညစဉ်လက်နက်ကြီးပစ်ခတ်နေခြင်းကြောင့် ဒေသခံကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ အခက်ကြုံနေ

0
198

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒူပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ညစဉ် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခြင်းကြောင့် ၎င်းဒေသရှိ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် ညအိပ်ညနေ အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်း နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီအကြား တိုက်ပွဲမကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း စစ်ကောင်စီတပ်ဘက်မှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်တိုင် ကျေးရွာများဘက်သို့ ညတိုင်းနီးပါး အမြောက်ကုန်းမှတဆင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံများ ယခုလို အခက်ကြုံနေရခြင်းဖြစ် သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မောင်းမရွာသစ် ဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ ညတိုင်းလိုလို လက်နက်ကြီးတွေရမ်းပစ်တော့ လူတွေအားလုံး အခက်အခဲတွေအများကြီးရှိတယ်။ အဓိကတော့ ကလေးငယ်နဲ့ သက်ကြီးပိုင်းတွေပေါ့။ အိမ်ပေါ်မှာ အိပ်မရဲတော့ အိမ်အောက်ဖြစ်ဖြစ်၊ ကျင်းဗုံးထဲဖြစ်ဖြစ် အိပ်ရတော့ အခုက အေးလည်းအေးတယ်။ ခြင်တွေ၊ မြွေတွေ၊ ကင်းခြေများတွေ၊ အ ခြားအကောင်တွေ ကိုက်ခံရမှာ‌လဲကြောက်နေရတယ်။ အိမ်အောက်မှာအိပ်တော့ ကလေးတွေ အဖုအနာတွေလည်းဖြစ်တယ်” ဟု ကေအိုင်စီသို့ပြောသည်။

စစ်ကောင်စီတပ်သည် ဒေသခံတော်လှန်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲအနည်းငယ်ဖြစ်လျှင် လက်နက်ကြီးအားကိုးပြီး ရမ်းသမ်းပစ်ခတ်သလို တိုက်ပွဲဖြစ်ပွာမှုမရှိသော်လည်း အမြဲတမ်းလိုလို ရမ်းသမ်းပစ်ခတ်မှုပြုပြီး ကော့ကရိတ်မြို့ အနီးဝန်းကျင် ကျေးရွာများရှိဒေသခံ လူထုများ၊ လူနေအိမ် အဆောက်အအုံးများနှင့် အိမ်မွေး တိရိစ္ဆာန်များ ထိခိုက်ပျက်စီး သေဆုံးမှုများရှိခဲ့ကြောင်းလည်း အခြားဒေသခံ ရွာသားတစ်ဦးကဆိုသည်။

“ လက်နက်ကြီးက အမြဲလိုလိုပစ်တော့ လူဒါမှမဟုတ် အိမ်အဆောက်အအုံတစ်ခုခုလား၊ တိရိစ္ဆာန်လား တစ်ခုမဟုတ်တစ်ခု၊ တစ်ခါမဟုတ်တစ်ခါတော့ထိတာပေါ့။ ကော့ကရိတ်မြို့နဲ့နီးတဲ့ရွာတွေတော့ လက်နက်ကြီးကြောင့် မပျက်စီးတဲ့အိမ် တစ်ရွာမှမရှိဘူ။ လူတွေ ထိခိုက်တဲ့ရွာတွေလည်းရှိတယ်” ဟု ကော့ကရိတ်တောင်ပိုင်း ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကြီးကြောင့် ကော့ကရိတ်မြို့နှင့်နီးသော ကျေးရွာများဖြစ်သည့် မောင်းမကျေးရွာအုပ်စု၊ ကော့နွဲကျေးရွာအုပ်စုမှ ကျေးရွာများ၊ တောင်ကြာအင်း‌၊ မြောက်ကြာအင်း၊ ရန်ကုတ်၊ ကောင်းမှု အစရှိသည့် ကျေးရွာများသည်ထိခိုက်ပျက်စီးမှု အများဆုံးကြုံတွေ့ရသည့် ကျေးရွာများဖြစ်ပြီး ဒေသခံ ရွာသား အများစုမှာလည်း နီးစပ်ရာ ဆွေမျိုးကျေးရွာ နေအိမ်များသို့ စစ်ဘေးရှောင်နေကြရသည်ဟု ဒေသခံများ က ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ရက်နေ့တွင်လည်း စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

KIC – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here