28 မတ် 2024 /

See today's Peace Related News

ဖားအံမြို့နယ် မီးပုံရွာအတွင်း BGF များက ပစ်ခတ်ဝင်ရောက်ကာ နေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးခဲ့

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ (၁)၊ ဖားအံမြို့နယ် တကောင်ဘိုး ကျေးရွာအုပ်စု၊ မီးပုံး ကျေးရွာတွင် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့မှ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ကတည်းက စစ်ကြောင်းထိုးဝင်လာ၍ လက်နက်ကြီးလက်နက်ငယ်များနှင့် တစ်ရက်ကြာ ရမ်းသမ်းပစ်ခတ်သည့်အပြင် လူနေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဗိုလ်တင်ဝင်းဦးဆောင်သည့် အမှတ် (၁၀၁၄) BGF တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် မီးပုံးကျေးရွာနှင့် အနီးနားဝန်းကျင်တွင် တစ်ရက်ကြာ စစ်ကြောင်းထိုးဝင်ရောက်လာကာ ရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ပြီးနောက် ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၂ နာရီဝန်းကျင်အချိန်တွင် မီးပုံးကျေးရွာထဲရှိ ကုန်စုံဆိုင်နှင့် ရောဖွင့်ထားသည့် လူနေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက ”ကုန်စုံဆိုင် အိမ်ကြီးတစ်လုံး ဒီလိုဘဲ မီးရှို့ဖျက်ဆီးလိုက်တာ။ သူတို့ဝင်လာတာ အင်အားများတယ်။ ရွာလမ်းတစ်လျှောက်မှာနေပြီး လိုက်ပစ်တယ် ဘာတွေပစ်လဲတော့မသိဘူး။ နင်တို့ပစ်ရင် ငါတို့ရွာဘဲထိမယ်ပြောတော့ သူတို့က ရီလိုက်သေးတယ်။ ပြီးတော့ လက်နက်ကြီးကျလို့ ထိသွားတဲ့ နောက်ထပ်အိမ်တစ်လုံးလည်း သူတို့ဆိုင်ထဲကိုဝင်ပြီး ရေခဲပုံးမှာ ဘီယာတွေဖောက်သောက်တယ်။ ဆိုင်ထဲက ပိုက်ဆံဗူးကိုလည်း ယူလိုက်တယ်” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါရမ်းသမ်းပစ်ခတ်မှုများကြောင့် လူနေအိမ်အချို့လက်နက်ကြီးထိမှန် ပျက်ဆီးသွားခြင်းရှိသည့်အပြင် ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး အိမ်မွေးတိရိစ္ဆာန် နွားအချို့လည်း ထိခိုက်သေဆုံးမှုရှိကာ မီးပုံးကျေးရွာရှိ ဒေသခံအားလုံးနီးပါးဘေးလွတ်ရာ အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

နယ်ခြားစောင့်တပ် BGF-၁၀၁၄ မှ တပ်ခွဲ (၂) တပ်ခွဲ့မှူး ဗိုလ်တင်ဝင်း ကိုယ်တိုင်ဦးဆောင်ပြီး အင်အား (၅၀) ခန့်ရှိသည့် BGF တပ်ဖွဲ့ဝင်များဖြင့် မီးပုံး ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်လာခြင်းဖြစ်ကာ စစ်ကြောင်းထိုးချိန်တွင် ဆိုင်ကယ်နှင့် ဖြတ်သန်းသွားလာသည့် လူငယ်များကိုလည်း ခြိမ်းခြောက်ပစ်ခတ်မှုရှိကြောင်း ဒေသခံဘက်မှဆိုသည်။

အဆိုပါဒေသတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုမရှိဘဲ BGFတပ်ဘက်မှ ကေအဲန်ယူ တပ်မဟာ (၇) နယ်မြေ ရွှေဂွန်းကျေးရွာမှတစ်ဆင့် တပ်မဟာ (၁) နယ်မြေထဲကို စစ်ကြောင်းထိုးဝင်လာခြင်းဖြစ်ကာ မီးပုံးကျေးရွာထဲတွင် တစ်ရက်နှင့် တစ်ညကြာ ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တပ်မှူးတစ်ဦးက အတည်ပြုပြောဆိုသည်။

၎င်း KNLA တပ်မှူးတစ်ဦးက “သက်သက်ရွာထဲကိုဝင်လာပြီး လိုက်ရမ်းပစ်တာ။ KNLA နဲ့လည်း ပစ်ခတ်မှုမရှိဘူး။ မနေ့ကတော့ ညနေစောင်းမှာ အဲဒီရွာထဲက အိမ်တစ်လုံး မီးရှို့ပြီးတဲ့အချိန်မှာကျနော်တို့လူဘက်က သွားပြီး ပြန်ပစ်တာရှိတယ်။ ပစ်တာကလည်း အဲဒီအိမ်နားမဟုတ်ဘူး စာသင်ကျောင်းနားဘက်က သွားပစ်တာ အဝေး ကြီး။ ဒီနေ့တော့ သူတို့အဖွဲ့ ကမမောင်းဘက် ပြန်တက်သွားတယ်လို့ကြားတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

BGF တပ်မှ ဗိုလ်တင်ဝင်းဦးဆောင်သည့် တပ်ဖွဲ့သည် ကေအဲန်ယူ တပ်မဟာ (၁) ရှိ ဖားအံမြို့နယ်ထဲတွင် သွားလာလှုပ်ရှားနေသည့်အဖွဲ့ဖြစ်ပြီး အလားတူ မကြာခဏ နှစ်ဖက် ပစ်ခတ်မှုရှိသည့်အပြင် ၎င်း၏တပ်စခန်း ဖြစ်သည့် မိထ္ထီလာကျေးရွာအနီးရှိ ဘုရားကုန်းစခန်းကိုလည်း တပ်မိသားစုများနေထိုင်ရန် အနီးနား ကျေးရွာမှ ဒေသခံ ရွာသားများကို ပြီးခဲ့သည့် နိုဝင်ဘာလက အတင်းအဓမ္မ ခေါ်ယူ ခိုင်းစေခြင်းရှိကြောင်းလည်း ကေအဲန်ယူ ဘက်မှ သတင်းထုတ်ပြန်ထားသေးသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ (၁၇) ရက်နေ့တွင်လည်း BGF (၁၀၁၁) တပ်ရင်း တပ်ခွဲ (၂) တပ်ခွဲမှူး ဗိုလ်မောင်ငြိမ်း ဦးဆောင်သည့် တပ်ဖွဲ့သည်လည်း ဖားအံမြို့နယ် မိကရင်ကျေးရွာထဲကို ဝင်ရောက်ရမ်းသမ်း ပစ်ခတ်မှုကြောင့် အရပ်သား (၂) ဦးသေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ခြင်းရှိကြောင်းလည်း သိရသည်။

KIC – ပေးပို့သည်။