“ကချင်ဘက်မှာဆိုရင် သျှမ်းနီတွေက လူနည်းစုဖြစ်တယ်။ လူနည်းစုရဲ့ အခွင့်အရေးတွေကိုလည်း ကာကွယ်စောင့်ရှောက်ပေးတယ်ဆိုလို့ရှိရင် ဘယ်လူမျိုးပဲဖြစ်ဖြစ် အချင်းချင်း အားကိုးကြမယ်၊ ယုံကြည်ကြမယ်၊ စောင့်ရှောက်ကြမယ်ဆိုလို့ရှိရင် ပျော်ရွှင်တဲ့ အသိုင်းအဝိုင်းကို ကျမတို့ ဖန်တီးနိုင်မှာပါ” မွန်းနေလီ (ပြောရေးဆိုခွင့်ရှိသူ၊ KWOT)

0
186

ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းအခြေစိုက်) ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီနှင့် အမေးအဖြေ

၂၉ နိုဝင်ဘာ ၂၀၂၂

ကချင်ပြည်မှာ ကချင်တိုင်းရင်းသားနဲ့ သျှမ်းတိုင်းရင်းသားတွေ အတူယှဥ်တွဲနေထိုင်တာတွေရှိသလို သျှမ်းပြည်မြောက်ပိုင်းမှာဆိုရင်လည်း ကချင်နဲ့ သျှမ်း ယှဥ်တွဲနေထိုင်တာတွေရှိပါတယ်။

လက်ရှိ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကာလမှာ အမျိုးသမီးအခြေနေတွေနဲ့ လူမျိုးလူစုကြား စိတ်ဝမ်းမကွဲပဲ အတူယှဥ်တွဲနေထိုင်ရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး (KWOT) ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ကချင်အမျိုးသမီး တည်ထောင်လာတာလဲ နှစ် (၂၀) ကျော်ပြီဆိုတော့ စစ်အာဏာသိမ်းမှုနဲ့ အရင်ကကွာခြားမှု အမျိုးသမီး ပါဝင်မှုက ဘယ်လောက် အခြေနေထိ မြင့်မားလာပြီလဲဆိုတဲ့ အခြေအနေ ပြောပြပေးပါအုံး။

ဖြေ ။ ။ ၂၀၂၁ ခုနှစ် စစ်အာဏာ တစ်ခါ ပြန်သိမ်းတယ်ဆိုပေမယ့်လည်း စစ်အာဏာရှင်ရဲ့ လက်အောက်မှာပဲ ကျမတို့က ရုန်းကန်ပြီး တော်လှန်နေရတယ်။ ပင်လုံ စာချုပ် ချုပ်ဆိုတဲ့ နောက်ပိုင်း ကချင်၊ သျှမ်း၊ ချင်း အားလုံးကတော့ နိုင်ငံတစ်နိုင်ငံကို အားလုံးပြီးတော့ အတူတကွ ပူးပေါင်းပြီး လွတ်လပ်ရေးကို အတူတကွယူမယ်။ အတူယှဥ်တွဲနေမယ်။ လူမျိုးတွေရဲ့ နိုင်ငံရေး ပန်းတိုင်ကတော့ ဘိုးဘွားစဥ်ဆက် ထိန်းသိမ်းလာတဲ့ ကိုယ့်နိုင်ငံကို ထူထောင်ဖို့ ပင်လုံစာချုပ်ကို ချုပ်ဆိုပြီးတော့ နိုင်ငံ တစ်နိုင်ငံကို ထူထောင်တယ်။ သျှမ်းပဲပြောပြော ကချငပဲ ပြောပြော ကိုယ်တိုင် ပါဝင်ခဲ့တဲ့ လူမျိုးဖြစ်တယ်။ ဒါပေမယ့် ကျမတို့ နိုင်ငံမှာ နိုင်ငံ တစ်နိုင်ငံကို ဝိုင်းဝန်းပြီးတော့ ထူထောင်ခဲ့ပေမယ့် လူမျိုးကြီး ဝါဒ တစ်ဖက်ကနေ တစ်ပြည်ထောင်စနစ် စနစ်ဆိုးကြီး အောက်မှာ ကျမတို့ ကျန်နေခဲ့တယ်။

ကချင်တွေက အထူးသဖြင့် ဒူဝါ စနစ် နဲ့ အုပ်စိုးခဲ့တယ်။ အဲ့လို အုပ်စိုးပြီးတော့ ကချင်တွေရဲ့ ရိုးရာဓလေ့ ထုံးတမ်းအစဥ်အလာတွေရဲ့ နေထိုင်လာတဲ့ နှစ်ပေါင်းများစွာ ရှိတယ်။ ဒါပေမယ့် ပြည်ထောင်စု မြန်မာနိုင်ငံမှာ ပင်လုံစာချုပ်အရ ပူးပေါင်းပြီးတော့ ပါဝင်လာတဲ့ နောက်ပိုင်းမှာ အထူးသဖြင့် စစ်တပ်တွေက နေရာစိုးမိုးဖို့အတွက် စေလွှတ်တာတွေ ထိုးစစ်ဆင်တာတွေ ကျမတို့ ကြုံခဲ့ရတယ်။ နှစ်ပေါင်းများစွာ ကျမတို့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ။ စစ်တပ်တွေ ရောက်လာပြီဆိုရင် ကျမတို့ ပြည်သူတွေက လုံခြုံမှု မရှိတော့ဘူး။ အဲ့ထဲမှာ အမျိုးသမီး နဲ့ ကလေးတွေ လုံခြုံမှုက ပိုဆိုးလာတယ်။ အမျိုးသမီးဆိုရင် လိင်ပိုင်းဆိုင်ရာ တွေကို လက်နက်အဖြစ် အသုံးပြုပြီး လူမျိုးတစ်မျိုးကို မျိုးသုန်းအောင် အမျိုးသမီးတွေကို ဓားစားခံ အဖြစ် အသုံးပြု လုပ်ဆောင်တာတွေ ကြုံနေခဲ့ရတယ်။

ဒီ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က တစ်ကြိမ် တရားဝင် အာဏာပြန်သိမ်းလာတယ်။ ဒါပေမယ့် ပြည်သူရဲ့ ညီညွတ်မှု ပူးပေါင်းပါဝင်မှု လက်တွဲမှုတွေ ပိုပြီးတော့ ခိုင်မာလာတာတွေရှိတယ်။ အဖွဲ့အစည်းကြားထဲမှာလည်း အရင်ကထက် ပိုပြီးတော့ စုဖွဲ့မှုတွေ ခိုင်မာလာကြတယ်။ ဒီတစ်ခေါက် အာဏာသိမ်းဖို့ ကြိုးစားတဲ့ စစ်ကောင်စီအနေနဲ့ ခုချိန်ထိ အာဏာကို အပြည့်အဝ ထိန်းချုပ်ဖို့ အခြေအနေ မရှိဘူးလို့ မြင်နေရတယ်။ တစ်ဖက်မှာလည်း ပြည်သူတွေ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ အဖြစ်အပျက် တွေ ရုန်းထွက်ချင်တဲ့ စိတ်က ပိုပြီး ပြင်းထန်လာတယ်။

မြို့တွေမှာလည်း စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်တာတွေရှိတယ်။ မြို့လယ်ခေါင်တောင်မှ ပြည်သူတွေ စျေးသွားရင်း စစ်တပ်က သေနတ်နဲ့ ပစ်သတ်တာတွေခံရတယ်။ ကိုယ့်အိမ်မှာနေတာတောင် လုံခြုံမှု မရှိဘဲနဲ့ အမြဲတမ်း စိတ်က စိုးရိမ်နေရတယ်။ ခြိမ်းခြောက်ခံနေရတယ်။ မထင်ရင် မထင်သလို အိမ်ထဲမှာနေပြီး ဖျက်စီးတာတွေရှိတယ်။ သတ်ပစ်တာတွေဖမ်းတာဆီးတာတွေ အမျိုးမျိုး မြို့ထဲမှာ ဒီလို ရက်စက် ကြမ်းကြုတ်တာတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတယ်။ အမျိုးသမီးတွေဆိုရင်လည်း အိမ်ထဲမှာ နေတာတောင်မှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံနေရတယ်။တစ်ဖက်မှာလည်း အမျိုးသမီးပါဝင်မှုက ပိုပြီးတော့ မြင့်တက်လာတာတွေ ရှိပါတယ်။ ဒီလို စနစ်ဆိုးကြီးကို အမျိုးသမီးတွေကို ပြောင်းလာချင်ကြတယ်။ ဦးဆောင်တဲ့အပိုင်းမှာလည်း အမျိုးသမီးတွေ ပါဝင်မှု ပိုများလာတာတွေတွေ့ရတယ်။

မေး။ ။ ကချင်ပြည်မှာဆိုရင် သျှမ်းနီ နဲ့ ကချင်တွေရဲ့ ပြဿနာ တိုင်းရင်းသားအချင်းချင်း သွေးခွဲနေတဲ့ ပြဿနာက စစ်တပ်က ပါဝင်မှုက ဘယ်လောက်ထိရှိလဲ။ တစ်ဖက်မှာလည်း အမျိုးသမီးတွေကို ဖမ်းဆီးတာတွေ တွေ့ရတယ်။ ဒီကိစ္စတွေကို ကချင် အမျိုးသမီးအနေနဲ့ ဘာများမှတ်ချင် ပြုချင်ပါသလဲ။

ဖြေ။ ။ ဒီအရေး ကိစ္စကို ကြည့် မယ်ဆိုရင် အင်မတန် ဝမ်းနည်းစရာဖြစ်နေပါတယ်။ အမျိုးသမီးတွေ ဦးတည်လာတယ် ဆိုလည်း မဖြစ်သင့်တဲ့ အရေးကိစ္စ အဲ့ဒီလူမျိုးရဲ့ ဂုဏ်သိက္ခာပဲ ဖြစ်ဖြစ် ရှေ့ဆက်ရမယ့် အရေးကိစ္စပဲဖြစ်ဖြစ် အမျိုးသမီး အတွက် သာမက တစ်မျိုးသားလုံးရဲ့ အရေးကိစ္စဖြစ်တယ်။ ဒါတွေကို လေးလေးနက်နက် စဥ်းစားပြီး လုပ်ဆောင်သင့်တယ်လို့ မြင်တွေ့တယ်။ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း ကွာခြားမှုတွေ ရှိတယ်။

အရင်တုန်းက ကိုယ့်နယ်မြေမှာ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကျမတို့ ဘိုးဘွားတွေ ပြောတာကတော့ ကချင် နဲ့ သျှမ်း က ခွဲလို့မရဘူး။ ကချင် ရှိတဲ့ ဒေသမှာ သျှမ်းရှိတယ်။ ကချင်ရွာရှိရင် နည်းနည်းသွားလိုက်ရင် သျှမ်းရွာ ရှိတယ်။ ကချင် နဲ့ သျှမ်း ဆိုတာ ဟိုအရင်ကတည်းက အတူတူ ယှဥ်တွဲနေထိုင်တယ်။ ပြဿနာ ဖြစ်ပြီဆိုရင်လည်း အတူတူ ဖြေရှင်းတယ် အဲ့လို ရှိခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့တယ်။ အရင်တုန်းက ပြဿနာ မရှိခဲ့ဖူးဘူး။

ကချင် ဒူဝါတွေ အုပ်ချုပ်တဲ့နေရာမှာ သျှမ်းတွေ နေပြီဆိုရင်လည်း အခွန်ဆောင်ကြတယ်။ ပေးကြတာပဲ ဘာပြဿနာမှ မရှိဘူး။ သူတို့ရဲ့ လုံခြုံမှုကိုလည်း ဒူဝါတွေလည်း ယူပေးခဲ့ကြတယ်။ ဒါကတော့ ကချင်ဒေသမှာ ဖြစ်ခဲ့တဲ့ဟာ။

သျှမ်းဒေသတွေမှာဆိုရင် စော်ဘွားတွေ ရှိတယ်။ မြောက်ပိုင်း သျှမ်းမှာဆိုရင်လည်း ကချင် ဒူဝါတွေ အုပ်ချုပ်တဲ့ နယ်မြေတွေရှိတယ်။ ဒါကြောင့် သျှမ်းစော်ဘွား နဲ့ အင်္ဂလိပ်ခေတ်က ဆိုလို့ရှိရင် Kachin sub-state ဆိုပြီးတော့ သေသေချာချာကို စာချုပ်နဲ့ လုပ်ပေးတာတွေရှိတယ်။ အဲ့တုန်းကလည်း ပြဿနာမရှိဘူး။ သျှမ်းစော်ဘွားနဲ့ ကချင်ဒူဝါနဲ့ တိုက်ပွဲဖြစ်တယ်ဆိုတာကိုလည်း မရှိခဲ့ဖူးဘူး။ တစ်ခုခုဖြစ်ပြီဆိုလို့ရှိရင်လည်း သူတို့ ပြန်ပြီး ဖြေရှင်းကြတာပဲ။ မကျေနပ်ချက်တွေ အချင်းချင်း မုန်းတီးမှုတွေဆိုတာ ဟိုသမိုင်းကြောင်း အဆက်ဆက်မှာ ဘယ်တော့မှ မရှိခဲ့ဖူးဘူး။ ဒါကြောင့် ကျမတို့ ပြန်စဥ်းစားရမှာက အခုမှ ဒီ ပြဿနာတွေဖြစ်တယ်။ အဲ့တော့ ဘယ်သူ့ ပယောဂ လည်းဆိုတာ သိဖို့လိုတယ်။
အားလုံးသိတဲ့အတိုင်းပဲ စစ်အာဏာရှင်တွေရဲ့ ပယောဂက ကချင် နဲ့ သျှမ်း ကြားပဲ မဟုတ်ဘူး။ ကချင်ကြားထဲမှာလည်း ဒီလို ခံစားချက်တွေရှိတယ်။ ကချင်ထဲမှာ (၆) မျိုးရှိတယ်။ အဲ့ထဲမှာတောင် စစ်အာဏာရှင်က သွေးခွဲကြတာပဲ။ သေချာ မစဥ်းစားနဲ့ ခေါင်းဆောင်တွေကတော့ ပါသွားတာပဲ။ အခုဖြစ်နေတဲ့ သျှမ်းနဲ့ ကချင်အရေးက ဒီလိုဖြစ်နေတယ်။ စစ်တပ် အုပ်ချုပ်တဲ့ နေရာမှာဆိုရင် ပြဿနာက ဖြစ်လာပြီ သွေးထိုးတဲ့ ကိစ္စတွေ အဲ့လို အခြေအနေမှာ အချင်းချင်း တိုက်ပွဲတွေ ဖြစ်လာတယ်။ ခေါင်းဆောင်လုပ်နေတဲ့သူတွေ သမိုင်းကြောင်းကို လေ့လာဖို့ ဒီအရေးကိစ္စတွေ လေ့လာပြီးတော့ ကျမတို့ရဲ့ ရှေ့ဆက်ရမှာ ပိုပြီးတော့ ခိုင်မာပြီး ပြည်သူလူထု နဲ့ လက်တွဲဖို့အတွက် အလေးထားပြီး စဥ်းစားဖို့ လိုတယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ အခုဖြစ်နေတာက တိုင်းရင်းသားတပ်တွေရဲ့ အချင်းချင်းကြားထဲမှာ ပဋိပက္ခဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ လူမျိုးရေး ပဋိပက္ခဖြစ်လာတဲ့ အလားအလာတွေ့ရတယ်။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြောချင်ပါသလဲ။

ဖြေ ။ ။ ကျမတို့ စိုးရိမ်စရာဖြစ်တာတော့ စစ်အာဏာရှင်ရဲ့ ပယာဂကြောင့် သူ ဖန်းတီးလိုက်တဲ့ ပြဿနာက လူမျိုးနှစ်မျိုး ကြားမှာ လက်နက်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ အခြေအနေဖြစ်သွားပြီ ဆိုတော့ စိုးရိမ်ချက်ကတော့ ဟိုအနာဂတ် မျိုးဆက်သစ် အဆင့်ထိ အတူယှဥ်တွဲနေထိုင်လို့ မရတော့တဲ့ အဆင့်ထိ ကျမတို့ အင်မတန်စိုးရိမ်ပါတယ်။ လူသားအချင်းချင်း လူ့အခွင့်အရေးကိုလည်း အလေးပေးပြီးတော့ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကြားထဲမှာ ပိုပြီးတော့ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်တဲ့ အရေးကိစ္စကိုလည်း အဓိက ထားပြီးတော့ စဥ်းစားဖို့ အတွက် အရေးကြီးတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ကချင်နဲ့ သျှမ်း ပဋိပက္ခမဖြစ်အောင် ဘယ်လိုငြိမ်းချမ်းအောင် အတူယှဥ်တွဲနေထိုင်သွားကြမလဲ။

ဖြေ ။ ။ ပဋိပက္ခမဖြစ်အောင် ပိုပြီးတော့ ပျော်ရွှင်မှုအသိုင်းအဝိုင်း တည်းဆောက်နိုင်ဖို့အတွက်က ဟိုအရင်တုန်းက တည်ဆောက်ခဲ့သလိုပဲ ကျမ အနေနဲ့ တည်ဆောက်စေချင်တယ်။ ကချင်နဲ့ သျှမ်းဆိုရင် ကျမတို့ သိရသလောက် သျှမ်းတွေ ရိုးရာအစဥ်အလာလုပ်ပြီဆိုရင်လည်း ကချင်တွေ သွားပြီးတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ သွားကြတယ်။ ကချင် ရိုးရာပွဲတွေ လုပ်ဆောင်တဲ့ အရေးကိစ္စဆိုရင်လည်း ပျော်ပျော်ပါးပါးပဲ။ ကျမတို့ သျှမ်းမြောက်ဘက်မှာဆိုရင် ကချင်တွေလည်း သျှမ်းစကား ပြောတယ်။ သျှမ်းတွေလည်း ကချင် စကားပြောတယ်။ ကျောင်းမှာဆိုရင်လည်း ကချင်လိုသင်ရင်လည်း သျှမ်းတွေ နားလည်တယ်။ သျှမ်းစကားပြောရင်လည်း ကျောင်းသားတွေ နားလည်တယ်။

ပြောချင်တာက အပြန်အလှန်လေးစားမှုဆိုတာက ဘာသာစကားလည်း ပါတယ်။ လူမျိုးတစ်မျိုးရဲ့ အထွတ်အထိပ် တန်ဖိုးထားလေးစားတဲ့ အရေးကိစ္စကို ကျန်တဲ့ လူမျိုးက လေးစားတန်ဖိုးထားမယ်ဆိုလို့ရှိရင် ပိုပြီးတော့ ယှဥ်တွဲနေထိုင်တဲ့ စိတ်ကျေကျေနပ်နပ် ပျော်ပျော်ရွှင်ရွှင်နဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်ဖို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ကချင်ဘက်မှာဆိုရင် သျှမ်းနီတွေက လူနည်းစု ဖြစ်တယ်။ လူနည်းစုရဲ့ အခွင့်အရေးတွေကိုလည်း ကာကွယ်စောင့်ရှောက်ပေးတယ်ဆိုလို့ရှိရင် ဘယ်လူမျိုးပဲဖြစ်ဖြစ် အချင်းချင်း အားကိုးကြမယ်၊ ယုံကြည်ကြမယ်၊ စောင့်ရှောက်ကြမယ်ဆိုလို့ရှိရင် ပျော်ရွှင်တဲ့ အသိုင်းအဝိုင်းကို ကျမတို့ ဖန်တီးနိုင်မှာပါလို့ ပြောချင်ပါတယ်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here