“ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်မှာ လုံးလုံးလျားလျားရှိနေတဲ့ ဒီစစ်အာဏာရှင်တွေက ဖန်တီးတဲ့ ရွေးကောက်ပွဲဆိုတာသည် ဒါလုံးဝ ဒီမိုကရေစီနဲ့ မသက်ဆိုင်တဲ့ ဒီမိုကရေစီကို အရောက်ချီတက်မယ့် ဖြစ်စဉ်မဟုတ်နေပါဘူး။ ဒါဟာ စစ်အုပ်စုရဲ့ လိမ်လည်လှည့်ဖျားမှုတစ်ခုပဲ ဖြစ်ပါတယ်။ စစ်အုပ်စုက သူတို့ရဲ့ အာဏာတည်မြဲရေး သူတို့ဆက်လက်ပြီးတော့ ပြည်သူကို စိတ်ကြိုက်ချုပ်ကိုင်နိုင်ရေး၊ ချယ်လှယ်နိုင်ရေး၊ ဖိနှိပ်ဖို့ ဒီအတွက် သူတို့အကျိုးစီးပွားအတွက်ပဲ လုပ်တဲ့လှုပ်ရှားမှုတစ်ခုသာဖြစ်ပါတယ်” ကိုချစ်ဝင်းမောင် (မကွေးလူထုတိုက်ပွဲကော်မတီ)

0
151

မကွေးလူထုတိုက်ပွဲကော်မတီ တာဝန်ရှိသူ ကိုချစ်ဝင်းမောင်နဲ့ အမေးအဖြေ

၂၉ နိုဝင်ဘာ ၂၀၂၂

မကွေးတိုင်းဒေသကြီးက အညာသူ၊ အညာသားတွေဟာ အာဏာသိမ်းစစ်အုပ်စုကို ရရာလက်နက်တွေစွဲကိုင်ပြီး ဆန့်ကျင်တော်လှန်နေတာ ၂ နှစ်နီးပါးကာလအတွင်းကို ရောက်ရှိလာပြီဖြစ်ပါတယ်။ စစ်အုပ်စုကတော့ မကွေးဒေသခံတွေကို အပြင်းအထန်ဆုံး ဖိနှိပ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသလို နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ အစုအလိုက်အပြုံအလိုက် သတ်ဖြတ်မှုတွေကိုပါ ဆက်တိုက် ကျူးလွန်နေတာဖြစ်ပါတယ်။

ဒါကြောင့် စစ်တပ် အာဏာသိမ်းတဲ့ ၂၂ လတာကာလအတွင်း မကွေးတိုင်းဒေသကြီးမှာ ဘယ်လိုအခြေအနေတွေ ဆက်လက်ရှိနေလဲ။ စစ်အုပ်စုဘက်က လူထုအပေါ် ဘယ်လိုပုံစံတွေနဲ့ ဆက်လက် ဖိနှိပ်လာသလဲ။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မကွေးလူထုတိုက်ပွဲကော်မတီ တာဝန်ရှိသူ ကိုချစ်ဝင်းမောင်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – အရင်ဆုံးအနေနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် မကွေးတိုင်းဒေသကြီးထဲမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ – ကျွန်တော်တို့မကွေးတိုင်းရဲ့ လက်ရှိအခြေအနေကိုပြောရမယ်ဆိုရင် နိုင်ငံရေးအရပြောရမယ်ဆိုရင် ကျွန်တော်တို့ မကွေးတိုင်းထဲမှာ ရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံးက တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေ နည်းတူပါပဲ။ နိုင်ငံရေးလွတ်လပ်ခွင့်၊ အလုံးစုံအမှောင်ကျနေတဲ့ အခြေအနေပဲဖြစ်ပါတယ်။ ပြည်သူတွေ ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လတ်စွာဝေဖန်ပိုင်ခွင့်စသဖြင့် အဲ့လိုအခြေခံအခွင့်အရေး တွေဆိုတာ လုံးဝစိတ်သုန်းနေတဲ့ အခြေအနေပဲဖြစ်ပါတယ်။ နောက်တစ်ခါ လူထုရဲ့ စားဝတ်နေရေး ကြပ်တည်းမှုတွေကလည်း ပိုပြီးတော့မြင့်တက်နေတဲ့အခြေအနေမှာပဲ ရှိပါတယ်။

ကျွန်တော်တို့ စစ်ရေးအရပြောမယ်ဆိုရင် မကွေးတိုင်းအတွင်းမှာ အခြားတိုင်းတွေ ပြည်နယ်တွေနဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်စတဲ့ အဲ့လိုဒေသတွေနဲ့ ထိစပ်နေတဲ့နေရာတွေပေါ့၊ ပခုက္ကခရိုင်ပေါ့၊ ဂန့်ဂေါ်ခရိုင်တို့ အဲ့အတွင်းမှာရှိတဲ့ အဲ့အနီးအနားမှာရှိတဲ့ မြို့တွေရွာတွေဒေသတွေက တော့ဖြင့် စစ်ရေးအရပိုပြီးတော့ တင်းမာမှု အရှိဆုံးဒေသတွေလို့ သုံးသပ်လို့ရပါတယ်။ အဲ့ဒေသတွေမှာဆိုရင် စစ်အုပ်စုရဲ့ အကြမ်းဖက်တပ်တွေနဲ့ ပြည်သူကာကွယ်ရေးတပ်တွေ မကြာခဏဆိုသလို ရင်ဆိုင် တိုက်ပွဲတွေ ထိတွေတိုက်ပွဲတွေဖြစ်တယ်။ စစ်ရေးတင်းမာမှုတွေရှိတယ်လို့ ကျွန်တော်တို့ သိရှိရပါ တယ်။ နောက်တစ်ခါစစ်အုပ်စုက ဒါဘာမဆိုင် ညာမဆိုင် ရွာတွေထဲဝင်ပြီးတော့ ပြည်သူတွေရဲ့ အိုးအိမ် စည်းစိမ်တွေကို ဖျက်ဆီးတာ။ နောက်တစ်ခါ ဖမ်းဆီးသတ်ဖြတ်တာ ။နောက်တစ်ခါရွာလုံးကျွတ် မီးရှို့ တာတွေကိုလည်း တောက်လျောက်ကြားသိနေရတယ်။ အခုဆိုရင် စိတ်အေးလက်အေးရိုးသားစွာ နေထိုင်ကြတဲ့အညာသူအညာသားတို့ရဲ့ ရင်ထဲမှာ စစ်အုပ်စုက မီးရှို့လို့ ပူတဲ့ အပူမျိုးစုံနဲ့ နေ့တိုင်း ရင်ဆိုင် ဖြတ်သန်းနေကြလျက်ရှိပါတယ်။ စစ်ရေးကိုပြောတဲ့အခါမှာ ခုနကကျွန်တော်ပြောသလိုပဲ စစ်ရေးတင်း မာမှုတွေက အများဆုံးရှိပါတယ်။ သို့သော်မကွေးတိုင်းထဲမှာရှိတဲ့ အခြားမြို့တွေ အခြားနေရာတွေ အခြားဒေသတွေမှာ စစ်ရေးက လုံးဝတိတ်ဆိတ်နေသလား။ အဲ့လိုလည်းမဟုတ်ပါဘူး။ တခြားဒေသ တွေတခြား မြို့တွေ မကွေးမြို့အပါအဝင်တခြားနေရာတွေမှာလည်း အခြေအနေပေါ်မူတည်ပြီး ကျွန်တော်တို့ရဲဘော်များဟာ အလျဉ်းသင့်သလို စစ်ရေးလှုပ်ရှားမှုတွေလုပ်တယ်။ သတင်းများမှာလည်း ဖတ်ရှုရပါတယ်။ သိရှိရပါတယ်။ မကွေးတိုင်းက စစ်အုပ်စုရဲ့ပင်မနေရာလို့ပြောလို့ရတယ်။ နေပြည် တော်နဲ့လည်း နီးနီးကပ်ကပ် တည်ရှိနေတဲ့ ဒေသလည်းဖြစ်တယ်။ ကပစတွေအများဆုံးရှိတဲ့ဒေသလို့ လည်း ပြောလို့ရတယ်။ နောက်တခါမကွေးတိုင်းမှာ လေတပ်ကလည်း အထိုင်ရှိနေတယ်။ ဆိုတော့ ဒီလိုအခင်းအကျင်းတွေကြားမှာတော့ မကွေးတိုင်းမှာရှိတဲ့ ခုခံတော်လှန်စစ်မှာပါဝင်နေတဲ့ ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုမှာအင်မတန်ကိုပဲ ခက်ခဲကြပ်တည်းစွာ သတိကြီးကြီးထားပြီးတော့ ရင်ဆိုင်ရုန်းကန် နေရတဲ့ အခြေအနေမှာရှိပါတယ်ခင်ဗျ။

မေး – အခုလို နှစ်ဖက်တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတဲ့ မကွေးတိုင်းဒေသကြီးမှာ စစ်ကောင်စီဘက်က ရွေးကောက်ပွဲ လုပ်ဖို့ ကြိုးပမ်းလာတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ၊ ဒီအပေါ်မှာ ဘယ်လို သဘောထားမှတ်ချက်ပေးလိုပါသလဲ။

ဖြေ – ဟုတ်ကဲ့ခင်ဗျာ။ အခုကာလကတော့ကျွန်တော်တို့နိုင်ငံမှာ ဘေးဒုက္ခတွေအင်မတန်ရင်ဆိုင် နေရတဲ့ ကာလပဲဖြစ်ပါတယ်။ စစ်ရေးတင်းမာမှုတွေကလည်း နေရာတကာရှိနေတယ်။ ရွေးကောက်ပွဲဆိုတာ မျိုးက တတိုင်းပြည်လုံးမှာရှိတဲ့ပြည်သူအားလုံးက တကယ့်ကိုပဲကိုယ်နှစ်သက်သဘောကျတဲ့ ကိုယ် လေးစားအားကိုးတဲ့ နိုင်ငံရေးပါတီများပုဂ္ဂိုလ်များကို ရွေးချယ်ပြီးတော့ ကျွန်တော်တို့ လူထုရဲ့တာဝန် များကို ပေးအပ်တဲ့ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းတစ်ခုပဲဖြစ်ပါတယ်။ ဒီမိုကရေစီကို ချီတက်တဲ့လမ်းစ တစ်ခုပဲဖြစ်ပါတယ်။ သို့သော် ဒီဟာသည် ဒီမိုကရေစီကို ချီတက်တဲ့လမ်းစတစ်ခုဆိုသော်လည်း ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်မှာ လုံးလုံးလျားလျားရှိနေတဲ့ ဒီစစ်အာဏာရှင်တွေက ဖန်တီးတဲ့ ရွေးကောက်ပွဲဆိုတာသည် ဒါလုံးဝ ဒီမိုကရေစီနဲ့ မသက်ဆိုင်တဲ့ ဒီမိုကရေစီကို အရောက်ချီတက်မယ့် ဖြစ်စဉ်မဟုတ်နေပါဘူး။ ဒါဟာ စစ်အုပ်စုရဲ့ လိမ်လည်လှည့်ဖျားမှုတစ်ခုပဲ ဖြစ်ပါတယ်။ စစ်အုပ်စုက သူတို့ရဲ့ အာဏာတည်မြဲရေး သူတို့ဆက်လက်ပြီးတော့ ပြည်သူကို စိတ်ကြိုက်ချုပ်ကိုင်နိုင်ရေး၊ ချယ် လှယ်နိုင်ရေး၊ ဖိနှိပ်ဖို့ဒီအတွက် သူတို့အကျိုးစီးပွားအတွက်ပဲ လုပ်တဲ့လှုပ်ရှားမှုတစ်ခုသာဖြစ်ပါတယ်။

ကျွန်တော်တို့ပြည်သူတွေကတော့ စစ်အုပ်စုရဲ့ ဘယ်လှုပ်ရှားမှု၊ ဘယ်လုပ်ရပ်ကိုမှ လက်သင့် ခံမှာ မဟုတ်ဘူး။ အာဏာစသိမ်းတဲ့အချိန်ကစပြီး အခုချိန်ထိပြတ်ပြတ်သားသား ကျွန်တော်တို့ ဆန့်ကျင် တိုက်ပွဲဝင်နေဆဲ ရှိပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ ကမ္ဘာရောတိုင်းသိပြည်သိပြီးသား ဖြစ်ပါတယ်။ အခုလိုနိုင်ငံတကာအပါအဝင် ကျွန်တော်တို့ ပြည်သူတွေကလည်း ဒီစစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်တွေကကျင်းပမယ့်ရွေးကောက်ပွဲကို လုံးဝလက်သင့်မခံဘူး။ လုံးဝလက်သင့်ခံလို့မရဘူး။ ပါဝင်လှုပ်ရှားမှုတွေထိတွေ့မှုတွေ မလုပ်အပ်ဘူးဆိုတာကို ကျွန်တော်တို့သိစေချင်ပါတယ်။ ကျွန်တော် တို့ ဒီအတိုင်းပဲနွေဉီးတော်လှန်ရေးကြီးရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကင်းမဲ့တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကို မရောက်ရောက်အောင် ဆက်လက်ချီတက်ကြဖို့ပဲ ကျွန်တော်က တိုက်တွန်း လိုပါတယ်။

မေး – နောက်တစ်ခုက မကွေးတိုင်းဒေသကြီးထဲမှာ စစ်အုပ်စုက လူထုအပေါ် ဘယ်လို အကြမ်းဖက်မှုတွေ ဆက်လက် ကျုးလွန်လာပါလဲ။ ဘယ်လိုပုံစံမျိုးတွေကို အဓိကတွေ့ရပါလဲ။

ဖြေ – ဟုတ်ကဲ့။ မကွေးတိုင်းအတွင်းမှာ အကြမ်းဖက်မှုတွေရှိနေပါတယ်။ ဘယ်လိုအကြမ်းဖက်မှုတွေရှိနေ သလဲဆိုတော့ ဒါလူအများသိတဲ့ဖြစ်စဉ်တွေကို ကျွန်တော်တို့ ဥပမာပေးပြီးပြောရမယ်ဆိုရင် မကွေး တိုင်းအတွင်းမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို တော်လှန်ရေးကိစ္စတွေလုပ်တယ်ဆိုပြီး စစ်အုပ်စုက ဖမ်းဆီးပြီးတော့ နှိပ်စက်တာတွေဖြစ်တဲ့ ဖြစ်စဉ်တွေလည်း တောက်လျှောက်ရှိခဲ့တာ ရှိပါ တယ်။ နောက်တစ်ခုက ကျွန်တော်တို့အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ်တာတွေ သက်ကြီးရွယ် အိုတွေပါ သတ်ဖြတ်တာတွေ ကလေးသူငယ်တွေပါမချန် သတ်ဖြတ်တာတွေ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်တဲ့ဖြစ်စဉ်တွေကလည်း မြောက်များစွာရှိနေပါတယ်။ တခါ ပြည်သူအိုးအိမ်တွေကို ဖျက်ဆီး တာ နောက်တခါရွာလုံးကျွတ်မီးရှို့တဲ့ကိစ္စတွေ ဒါတွေကလည်းတောက်လျှောက် ရှိနေပါတယ်။ အဲ့လိုမျိုး အကြမ်းဖက်မှုတွေကတော့ စဉ်ဆက်မပြတ်ရှိနေပါတယ်။

မေး – စစ်အုပ်စုရဲ့ လူထုအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး တုံ့ပြန်ချင်တာ ရှိမလဲ။

ဖြေ – အကြမ်းဖက်မှုတွေကတော့ လုံးဝလက်သင့်မခုံနိုင် လုံးဝမဖြစ်သင့်တဲ့ကိစ္စတွေပဲဖြစ်ပါတယ်ခင်မျာ။ အခုဆိုရင် အညာပြည်သူတွေဟာ တကယ့်ကိုပဲ ဒေသရဲ့အပူနွေ စစ်အုပ်စုကပေးတဲ့အပူတွေ စသဖြင့် ပေါ့ အပူတကာ့အပူတွေ အားလုံးကို ရင်စည်းခံနေရတဲ့အချိန်ကာလတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို ကျွန်တော်တို့ အကြမ်းဖက်မှုတွေကို ရပ်တန့်ပစ်ဖို့လိုပါတယ်။ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ဆိုတာက လည်း ကျွန်တော်တို့နည်းလမ်းသုံးဖို့ တစ်ခုသာရှိပါတယ်။ အဲ့ဒါကဘာလဲဆိုတော့ ဒီအကြမ်းဖက်မှုတွေ သည် စစ်အာဏာရှင်စနစ်ကနေမှ စတင်ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တွေပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စစ်အာဏာရှင်စနစ်ကိုရပ်တန့်နိုင်မှ ဒီအကြမ်းဖက်မှုတွေက ရပ်တန့်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ စစ်အာဏာရှင်စနစ်ကို ကျွန်တော်တို့နိုင်ငံတွင်းကနေ အကြွင်းမဲ့ပပျောက်သွားအောင် ရင်ဆိုင်တော်လှန် ရုံမှတပါး အခြားမရှိပါဘူး။ ကျွန်တော်တို့တော်လှန်ရေးမှ တပါးအခြားမရှိပါဘူး။ တော်လှန်ရေးကိုပဲ ဆက်လက် ရင်ဆိုင်တိုက်ပွဲဝင်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ မျှော်မှန်းတဲ့ နွေဦးတော်လှန်ရေးရဲ့ ပန်းတိုင်ကို မရောက်ရောက်အောင် ချီတက်သွားကြဖို့ပဲ ဖြစ်ပါတယ်။ တိုက်တွန်း ချင်ပါတယ်။

မေး – မကွေးတိုင်းဒေသကြီးအတွင်း လက်နက်ကိုင်လမ်းစဉ်မဟုတ်ဘဲနဲ့ လူထုအခြေပြုလှုပ်ရှား နေတာတွေ ရှိသေးလား၊ ဘယ်လိုပုံစံမျိုးတွေနဲ့လှုပ်ရှားနေကြပါသလဲ။

ဖြေ – မကွေးတိုင်းအတွင်းမှာ လက်နက်ကိုင်လမ်းစဉ်ခုခံတော်လှန်စစ်နဲ့ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေ လည်းရှိပါတယ်။ ဒီလိုပါပဲ ခုခံတော်လှန်စစ်မဟုတ်တဲ့ တော်လှန်စစ်အသွင်မဟုတ်တဲ့ အခြားနည်းလမ်း တွေနဲ့ ရုန်းကန်လှုပ်ရှားတိုက်ပွဲဝင်နေကြတဲ့ ကျွန်တော်တို့ တော်လှန်ရေးအစုအဖွဲ့ အင်အားစုတွေလည်း ရှိပါတယ်။ အဲ့တော့လူထုလှုပ်ရှားမှုတွေ ဦးဆောင်တဲ့အဖွဲ့တွေ လူထုလှုပ်ရှားမှုကို ဖော်ဆောင်နေတဲ့အဖွဲ့ တွေကို ဒါပြောရမယ်ဆိုရင် ကျွန်တော်တို့ မကွေးလူထုတိုက်ပွဲကော်မတီတင်မဟုတ်ပါဘူး။ တခြား လူထုအစုအဖွဲ့တွေ ရှိပါသေးတယ်။ ဥပမာ-ပခုက္ကူလူထုတိုက်ပွဲကော်မတီရော ယောလူထုတိုက်ပွဲ ကော်မတီ၊ အခြေခံပညာသပိတ်ကော်မတီ၊ မြိုင်မြို့နယ်ပေါ့။ ဒီလိုမျိုးတွေလည်းရှိပါတယ်။ ဆိုတော့ ခုနက ကျွန်တော်တို့ရဲဘော်တွေ လွှမ်းမိုးထားနိုင်တဲ့ဒေသတချို့မှာတော့ ပိုပြီးတော့ လူထုလှုပ်ရှားမှု သပိတ်တွေကို တွေ့ရတာဖြစ်ပါတယ်။ တွေ့လည်းတွေ့ကြရပါလိမ့်မယ်။ သို့သော်အခြားနေရာတွေ အခြားမြို့ရွာတွေမှာလည်း ကျွန်တော်တို့အခြေအနေပေါ်မူတည်ပြီးတော့ သပိတ်တွေ ချီတက်ပြီးတော့ ဆောင်ရွက်နေတာတွေရှိပါတယ်။ ပြည်သူကလည်းကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေမှာလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်တာတွေ့ရပါတယ်။ အထူးသဖြင့်ပြောရမယ်ဆိုရင် ကျွန်တော်တို့ တနိုင်ငံလုံးပါဝင် ဆောင်ရွက်ကြဖို့ခေါ်ထားတဲ့ သပိတ်တိုက်ပွဲတွေပေါ့။ အထူးသဖြင့် အသံတိတ်သပိတ်တို့ ပြည်သူ့သစ္စာ ခံယူပွဲတို့အဲ့လို အခြေအနေမျိုးမှာ မကွေးတိုင်းထဲက ပြည်သူလူထုကတခဲနက်ပူးပေါင်းပါဝင်ကြတာကို ကျွန်တော်တို့အားတက်ဖွယ်တွေ့ရပါတယ်။ ဒီအတွက်လည်း ပြည်သူတွေကို အမြဲတမ်းကျေးဇူးတင် ဦးညွတ်အလေးပြုရပါတယ်။ ဆက်လက်ပြီးတော့ ပြည်သူတွေရဲ့အားအင်တွေ ပြည်သူတွေရဲ့ထောက်ပံ့ မှုတွေ အများကြီးလိုအပ်နေပါသေးတယ်။ တော်လှန်ရေးမှတပါးအခြားမရှိသလို တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကလည်း ပြည်သူတွေကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေဟာ တော်လှန်ရေးမှာဆက်လက် ပူးပေါင်းပါဝင်ကြဖို့ကူညီကြဖို့ ကျွန်တော်အနူးအညွတ်တောင်းဆို လိုပါတယ်။

မေး – မကွေးတိုင်းဒေသကြီးမှာ စစ်အုပ်စုက နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ အစုအလိုက် အပြုံအလိုက် သတ်ဖြတ်မှုတွေကိုပါ ဆက်တိုက် ကျူးလွန်နေတာတွေ တွေ့ရပါတယ်။ ဒီအပေါ်မှာ ဘယ်လို မှတ်ချက်ပေးလိုပါသလဲ။

ဖြေ – မကွေးတိုင်းအတွင်းကိုတော့ ဒီစစ်အုပ်စုက မီးရှို့တာတွေ ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက် လုပ်လာတာဖြစ်ပါတယ်။ ဒီရက်ပိုင်းတင်ကို စစ်ရှောင်ရတဲ့ဒေသတွေ စစ်ရှောင်ရတဲ့ကျေးရွာတွေ အများကြီးရှိပါတယ်။ မီးဘေးရှောင်ရတဲ့ဒေသတွေလည်း အများကြီးရှိပါတယ်။ စစ်အုပ်စုဟာ သူတို့အင်အားချိနဲ့အောင်လုပ်တဲ့ အင်အားစုတွေ သူတို့အုပ်ချုပ်မှုလက်မခံတဲ့နေရာတွေဆိုရင် လက်မခံ ကြောင်းကို ပြတ်ပြတ်သားသားဆန့်ကျင်တော်လှန်ပြတဲ့နေရာတွေဆိုရင် ပိုပြီးတော့သည်းကြီး မည်း ကြီးနဲ့ ဖျက်လိုဖျက်ဆီးလုပ်တတ်တဲ့ သဘာဝကိုကျွန်တော်တို့တွေ့ရပါတယ်။ အဲ့တော့ တော်လှန်ရေး အင်အားစုတွေကိုမီးရှို့တယ်ဆိုတဲ့ ပြည်သူပြည်သားတွေကို ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတဲ့အလုပ်တွေ ကို လုပ်နေတာကို ကျွန်တော်တို့တောက်လျှောက် တွေ့နေရတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ကို ဖိလေလေပိုမာလေလေပဲ ဒီတော်လှန်ရေးကို ဆက်လက်ရုန်းကန် ရှင်သန်နေရမှာပဲ ဖြစ်ပါတယ်။ စစ်အုပ်စုကကျွန်တော်တို့ကို ဖမ်းဆီးသတ်ဖြတ်မီးရှို့တာတွေလုပ်လာလေလေ ကျွန်တော် တို့ကလည်း ပိုမာလာလေလေ၊ကျွန်တော်တို့ရဲ့တော်လှန်ရေးခံယူချက်ကလည်း ပိုပြီးပြင်းထန်လာလေ ပါပဲ။ အဲ့ဒါကြောင့် ကျွန်တော်တို့ကတော့ ကျွန်တော်တို့ပြည်သူတွေနဲ့အတူတူပဲ။

ကျွန်တော်တို့တော်လှန်ရေးကြီးရဲ့အဆုံးသတ်ပန်းတိုင်ကိုပဲ မရောက်ရောက်အောင် ချီတက်သွားကြပါမယ်။

မေး – နောက်ဆုံးအနေနဲ့ မကွေးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။

ဖြေ – မကွေးအခြေအနေနဲ့ပက်သက်ပြီးတော့ ကျွန်တော်တို့မကွေးတိုင်းအတွင်းမှာ စစ်အုပ်စုကို ခုခံတော်လှန် ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်များ၊ တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကို ကျွန်တော်က လေးစားဉီးညွတ်ကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့မကွေးတိုင်းက တခြားတိုင်း ဒေသ ပြည်နယ်များနည်းတူ ကျွန်တော်တို့ရင်ဆိုင်တိုက်ပွဲဝင်ဖို့ ဆက်လက်ပြီး အများကြီးကြိုးပမ်း ဆောင်ရွက်ကြဦးမှာဖြစ်ပါတယ်။ ရဲဘော်တို့အနေနဲ့လည်း အချင်းချင်းစုဖွဲ့မှုတွေ လက်တွဲဆောင်ရွက်မှု တွေကို ပိုမိုပြီး ခိုင်ခိုင်မြဲမြဲဖြစ်အောင် ဆောင်ရွက်စေချင်ပါတယ်။ ကျွန်တော်တို့လည်း ဆောင်ရွက်ဖို့ အတွက်ကြိုးပမ်းနေပါတယ်ပေါ့။

ဒီလိုပါပဲ မကွေးတိုင်းက ပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့ တော်လှန်ရေးအင်အားစုများရဲ့ လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြဖို့ အားပေး ကူညီကြဖို့ ကျွန်တော်တို့ပြောချင်ပါတယ်။ ကျွန်တော်တို့ဒီလိုဆောင်ရွက်တာက မကွေးတိုင်းထဲက ပြည်သူတော်လှန်ရေးအဖွဲ့များရဲ့ တော်လှန်ရေးဟာ မကွေးတိုင်းပြည်သူများအတွက် တင်မကဘူး။ တစ်နိုင်ငံလုံးရဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက်ကို ရည်စူးတော်လှန်နေတာဖြစ်တဲ့အတွက်ကြောင့် ပိုပြီးပါဝင်ဆောင်ရွက်ကြဖို့ အညာကရဲဘော်တွေ မကွေးတိုင်းထဲက ရဲဘော်တွေကို ကူကြလှူကြ ထောက်ပံ့ကြဖို့ အတွက် ကျွန်တော်ပြောလိုပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here