၅ စက်တင်ဘာလ ၂၀၂၂
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (ERO) တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ရှောင်ပြည်သူများက နေရပ်မပြန်နိုင်သေးကြောင်း သတင်းသိရသည်။
စက်တင်ဘာလ ၄ ရက် နံနက် ၆ နာရီဝန်းကျင်တွင် နမ္မတူမြို့နယ် ဟင်ပုတ်ကျေးရွာအုပ်စုရှိ လွယ်မြေကျေးရွာနှင့် နမ့်လကျေးရွာကြားတွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“တိုက်ပွဲက နာရီဝက်ကျော်ကြာတယ်၊ ၆ နာရီကနေ ၆ နာရီခွဲအထိကြာပြီး တိုက်ပွဲသံငြိမ်သွားပြီးတဲ့ နောက်မှာတော့ နမ့်လနဲ့ လွယ်မြေ ရွာခံတချို့ ဘော်တွင်းကို ထွက်ပြေးတိမ်းရှောင်လာကြတယ်၊ အခုထိ နှစ်ဖက်တပ်ဖွဲ့က စစ်ရေးတင်းမာနေကြတုန်းမလို့ ရွာသားတွေ မပြန်ရဲကြသေးဘူး” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
အဆိုပါ ပစ်ခတ်မှုသည် အာဏာသိမ်းစစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ပွဲဖြစ်ကြပြီး လက်နက်ကြီး လက်နက်ငယ်များ အသုံးပြုကြသည့်အတွက် ဒေသခံများက ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီနေ့မှာ တိုက်ပွဲသံက မထွက်လာပေမဲ့ နှစ်ဖက် စစ်ရေးတင်းမာမှုက ရှိနေသေးလို့ ရွာသားတွေ မပြန်ရဲသေးဘူး၊ အခု ဘော်တွင်းမှာ သြဂုတ်လ ၂၈ ရက်က ထွက်ပြေးလာတဲ့ စစ်ရှောင်တွေ အပါအဝင် ၅၀ ကျော်က နေရပ်မပြန်နိုင်ကြသေးဘူး” ဟု နမ္မတူ ဒေသခံအမျိုးသားက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်တွင်လည်း စစ်ကောင်စီ နှင့် KIA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူတချို့က စစ်ဘေးတိမ်းရှောင်ထွက်ပြေးလာခဲ့ရကြောင်း သတင်းသိရသည်။
နမ္မတူမြိုန့ယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့၊ KIA နှင့် ပူးပေါင်း PDF တပ်ဖွဲ့၊ သျှမ်းတပ်မတော် SSPP/SSA၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့တို့က သွားလာလှုပ်ရှားနေကြောင်း သတင်းသိရသည်။
သျှမ်းသံတော်ဆင့် – ပေးပို့သည်။