စစ်အုပ်စု၏ သေဒဏ်စီရင်မှုကြောင့် ခုခံတော်လှန်စစ်အရှိန် မြှင့်တင်လာနိုင်မလား

0
375

နိဒါန်း

ဦးကျော်မင်းယု (ခ) ကိုဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ (၄) ဦးအား အာဏာသိမ်းစစ်အုပ်စုက သေဒဏ်စီရင်မှုပြီးစီးကြောင်း သတင်းထုတ်ပြန်မှုအလွန်တွင် ၁၈ လအထိ ကြာမြင့်လာခဲ့သည့် စစ်အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ရင်ဘတ်တွင် ကြေကွဲဝမ်းနည်းမှု၊ စိတ်မကောင်းဖြစ်မှုများ ကိုယ်စီကိုယ်စီ ဖြစ်တည်စေခဲ့သည်။ အလားတူ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ အသိစိတ်၊ အထူးသဖြင့် ဦးနှောက်တွင်မူ “ငါတို့ နိုင်ကို နိုင်မှ ဖြစ်မယ်” ဆိုသည့် နှိုးဆွမှုသည် နွေဦးတော်လှန်ရေးအတွင်းရှိ အင်အားစုအသီးသီးကို လှုပ်ခါသွားခဲ့ပါသည်။

နွေဦးတော်လှန်ရေးအတွင်း အာဏာသိမ်းစစ်အုပ်စု၏ လူသားမဆန်စွာ အကြမ်းဖက်လုပ်ရပ်များကြောင့် အသက်စတေး ပေးဆပ်ခဲ့ကြရသော သူရဲကောင်းများအတွက် “လူထုသစ္စာ အဓိဌာန်ပြုပွဲ” များကို ဇူလိုင် ၃၁ ရက်တွင် ပြည်တွင်း/ပြည်ပ၊ တောင်းတန်းမြေပြန့်၊ ရေပြင်မြေပြင် စသည့် နေရာအသီးသီးတွင် ပြုလုပ်ကာ အာဏာသိမ်းစစ်အုပ်စုအား ရောက်ရှိရာ အရပ်ဒေသများမှတဆင့် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တော်လှန်ဆင်နွှဲခဲ့ကြပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor အပတ်စဉ် သတင်းသုံးသပ်ချက်တွင် အာဏာသိမ်းစစ်အုပ်စု၏ သေဒဏ်စီရင်မှုများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း ခုခံတော်လှန်စစ် အရှိန်အဟုန်ကို ပိုမိုမြှင့်တင်လာနိုင်မလားဆိုသည့် ရှုထောင့်မှ လေ့လာတင်ပြသွားပါမည်။

တိုက်ပွဲတွေ့ရှိချက်များ

မိမိတို့ BNI – MPM မှ စုဆောင်းမှတ်တမ်းပြုထားသည့် ကိန်းဂဏန်များအရ သေဒဏ်စီရင်ပြီးစီးကြောင်း သတင်းဖော်ပြလာသည့် ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်အထိ ၇ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အာဏာသိမ်း စစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ်ဆင်နွှဲခဲ့သည့် တိုက်ပွဲဖြစ် ရက်ပေါင်း ၃၁ ရက်အထိ ရှိပါသည်။ ထိုအချက်သည် တိုက်ပွဲဖြစ်ရက်ပေါင်း ၁၃၂ ရက်အထိ ရှိခဲ့သည့် ဇူလိုင်လအတွင်း ဒုတိယမြောက် တိုက်ပွဲအရှိန်အမြင့်ဆုံး ရက် သတ္တပတ်ဖြစ်ခဲ့ပါသည်။

ဇူလိုင်လအတွင်း တိုက်ပွဲများကို လေ့လာကြည့်ပါက မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF၊ LDF) များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ရက်ပေါင်း ၁၀၀ အထိ ရှိခဲ့ပြီး နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ်သည် အရှိန်အမြင့်အဆုံးဖြစ်ခဲ့ပါသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှု ရက်ပေါင်း ၁၇ ရက်အထိ ရှိခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ (EROs) များအနက် စစ်ကောင်စီကို ခုခံတော်လှန်စစ်အပြင်းထန်ဆုံး ဆင်နွှဲနေသည့်အဖြစ် KNU က ရပ်တည်နေပါသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) နှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားမှုရက်ပေါင်း ၁၁ ရက်အထိ ရှိခဲ့သည်ကို တွေ့ရပါသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်အထိ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ပွဲဖြစ်ပွားမှု ရက်ပေါင်း ၁၄၅၇ ရက်အထိ ရှိခဲ့ပါသည်။ ထိုအနက် နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဖြစ်တည်ပေါက်ဖွားလာသော မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF၊ LDF) များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှု ရက်ပေါင်း ၉၄၅ ရက်အထိရှိခဲ့ပြီး ခုခံတော်လှန်စစ်အပြင်းထန်ဆုံးဟု ဆိုရပါမည်။ ထိုနောက်တွင်မှ KIO/KIA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုသည် ရက်ပေါင်း ၁၉၄ ရက်ရှိခဲ့ပြီး ဒုတိယအပြင်းထန်ဆုံး ဖြစ်ခဲ့ပါသည်။ တတိယမြောက် အပြင်းထန်ဆုံး ခုခံတော်လှန်စစ်ဖြစ်ပွားမှုသည် KNU နှင့် စစ်ကောင်စီတပ်အကြား ဖြစ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှု ရက်ပေါင်း ၁၆၀ အထိ ရှိခဲ့သည်ကို မိမိတို့ BNI-MPM က မှတ်တမ်းများက ဆိုပါသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တောင်တန်းမြေပြန့်ဒေသအလိုက် လေ့လာကြည့်ပါက အာဏာသိမ်းစစ်ကောင်စီအား ခုခံတော်လှန်စစ် အပြင်းထန်ဆုံးဆင်နွှဲနေသည့် ဒေသအဖြစ် စစ်ကိုင်းတိုင်းက ရပ်တည်နေပြီး တိုက်ပွဲဖြစ်ပွားမှု ရက်ပေါင်း ၃၅၅ ရက်အထိ ရှိခဲ့သည်ကို တွေ့ရပါသည်။ ထို့နောက် ကချင်ပြည်နယ်၊ ရှမ်းမြောက်ပိုင်းဒေသ၊ ချင်း၊ မကွေး၊ ကရင်၊ ကရင်နီ (ကယား)၊ မွန်၊ ရှမ်းတောင်ပိုင်းဒေသ၊ တနသ်ာရီ၊ မန္တလေး၊ ရန်ကုန် စသဖြင့် အသီးသီး ခုခံတော်လှန်စစ် ပြင်းထန်မှုအခြေအနေကို အဆင့်အလိုက် တွေ့ရပါသည်။

ရှမ်းမြောက်ပိုင်းနှင့် ရှမ်းတောင်ပိုင်းဒေသများအတွင်း ဖြစ်ပွားသော တိုက်ပွဲများတွင်တော့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားခဲ့သည်ကို တွေ့ရပါသည်။ ဥပမာ – RCSS နှင့် SSPP ၊ UWSA နှင့် RCSS စသဖြင့်။

အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်စစ်အရှိန်အဟုန်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်ပြီး လအလိုက် ပိုမိုမြင့်တက်ပြင်ထန်လာသည်ကို တွေ့ရပါသည်။ ၂၀၂၂ ခုနှစ် မေလနှင့် ဇူလိုင်လတို့သည် အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်စစ် အပြင်းထန်ဆုံးဖြစ်ခဲ့သည်ကို တွေ့ရပါသည်။

ဆက်စပ်သတင်းတွေ့ရှိချက်များ

အာဏာသိမ်းစစ်အုပ်စု၏ သေဒဏ်စီရင်မှုများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း ခုခံတော်လှန်စစ် အရှိန်အဟုန်ကို ပိုမိုမြင့်တက်လာဖွယ်ရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုရ (NUG) ယာယီသမ္မတကြီး ဒူဝါလရှီးလ၏ ဇူလိုင် ၂၈ ရက်၊ အရေးပေါ် နိုင်ငံတော်အခြေပြမိန့်ခွန်းကလည်း ထိုအချက်ကို နှိုးဆွပေးရာ ရောက်နေပါသည်။ “အာဇာနည် ၄ ဦးကို သတ်ဖြတ်လိုက်ခြင်းဟာ နွေဦးတော်လှန်ရေးကို အရှိန်အဟုန်ပြင်းစွာ ချီတက်နိုင်ဖို့ တွန်းအားကြီးတရပ် ဖြစ်စေပါတယ်။ မိမိတို့ လေးစားကြည်ညိုတဲ့ အာဇာနည် ၄ ဦး၏ အသက်ပေးဆပ်မှုကို အင်အားကြီးတရပ်အဖြစ် ရယူကာ နွေဦးတော်လှန်ရေးကို အဆုံးသတ်သွားဖို့ ဝိုင်းဝန်းချေမှုန်းကြဖို့ ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ဆိုပါသည်။

မြန်မာပြည်သူပြည်သားကို ဥပဒေမဲ့ သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအနေဖြင့် အသိအမှတ်ပြုဆက်ဆံခြင်း လုံးဝ မပြုလုပ်ကြဖို့ တညီတညွတ်တည်း ဆောင်ရွက်ပေးကြရန်၊ နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ အဓိက ဝင်ငွေပင်မလှိုင်းများကို ဖြတ်တောက်ပေးကြရန်၊ ပြည်သူ့အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးကြရန်၊ NUG နှင့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများမှ ဝန်ဆောင်မှုပေးနေသည့် အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍ၊ စစ်ဘေးဒုက္ခသည်များအား လူသားချင်းဆိုင်ရာ အကူအညီပေးရေးကဏ္ဍ၊ ပညာရေးနှင့် ကျန်းရေးကဏ္ဍများကို ငွေကြေးနှင့် နည်းပညာများ ကူညီထောက်ပံ့ပေးကြရန် စသည့်အချက်များကို ယာယီသမ္မတက ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့ပါသည်။

ထို့အပြင် အာဏာသိမ်းစစ်အုပ်စုအား အသက်နှင့်ခန္ဓာ စတေးပေးဆပ်ကာ ခုခံတော်လှန်တိုက်ပွဲဝင်နေကြသော မြန်မာပြည်လူလူထုကို နည်းပညာ၊ လက်နက်ခဲယမ်းနှင့် ငွေကြေးများကို ထိရောက်စွာ ကူညီပံ့ပိုးပေးကြဖို့ အလေးအနက် တောင်းဆိုတိုက်တွန်းထားပါသည်။ စစ်ကောင်စီအနေဖြင့် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို အပြစ်ပေး အရေးယူဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပူးပေါင်းဆောင်ရွက်ကူညီပေးဖို့ အထူးတောင်းဆိုကြောင်း NUG ယာယီသမ္မတက ဆိုပါသည်။

တစ်ဖက်တွင်တော့ နွေဦးတော်လှန်ရေးအင်အားစုအသီးသီးသည် လူထုသစ္စာ အဓိဌာန်ပြုပွဲများဖြင့် အာဏာသိမ်းစစ်အုပ်စုကို သပိတ်စစ်ကြောင်းချီ ဆန္ဒဖော်နေကြသကဲ့သို့ အချို့သော မြို့ပြဒေသအလိုက် ခုခံတော်လှန်ရေးတပ်ဖွဲ့ များကလည်း ဇေယျာသော်စစ်ဆင်‌ရေးအမည်ပေးကာ သေဒဏ်စီရင်ခြင်းခံခဲ့ရသူ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းနာမည်ကို အောက်မေ့ဂုဏ်ပြုကာ အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်စစ်ဆင်နွှဲလာသည်ကို တွေ့ရပါသည်။

သုံးသပ်တင်ပြချက်

အာဏာသိမ်းစစ်အုပ်စု၏ သေဒဏ်စီရင်ခြင်းလုပ်ရပ်သည် မြန်မာပြည်သူလူထုတစ်ရပ်လုံးပါဝင်သော နွေဦးတော်လှန်ရေးကို ပိုမိုအရှိန်အဟုန်မြှင့်တင်ပေးလိုက်သကဲ့သို့ ဖြစ်ခဲ့ပြီး ၎င်းတို့အား စောင့်ကြည့်ဖိအားပေးနေသည့် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများကို ဂရုမစိုက်ကြောင်း ပြသနေသည်ကို တွေ့ရပါသည်။ ထို့အပြင် ၎င်းတို့နှင့် အလွမ်းသင့်ကာ ရင်းနှီးဆက်ဆံလျက်ရှိသော တရုတ်၊ ရုရှားနှင့် အာဆီယံဥက္ကဌတို့ တာဝန်ယူလျက်ရှိသော ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့အား အိုးမဲသုတ်လိုက်သကဲ့သို့ ဖြစ်နေပါသည်။ ယင်းအတွက် အာဏာသိမ်းစစ်အုပ်စုအား အသိအမှတ်ပြုကာ နေရာပေးဆက်ဆံလိုသော တရုတ်၊ ရုရှားနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ ချဉ်းကပ်ဆက်ဆံနေမှုများကို သတိကြီးစွာထားသင့်နေပြီဖြစ်သည်။ ထို့အပြင် အလုပ်မဖြစ်သော အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို ဖက်တွယ်ချဉ်းကပ်နေခြင်းကို ပြန်လည်သုံးကြရပေလိမ့်မည်။

စစ်အာဏာရှင်နှင့် အာဏာရှင်မှန်သမျှ အမြစ်ပြုတ်ချေမှုန်းရေးအတွက် ဦးတည်လျှောက်လှမ်းနေကြသော မြန်မာ့ နွေဦးတော်လှန်ရေးကို အထောက်အကူမပြုနိုင်သည့်တိုင် တစ်ဖက်ရှိ အာဏာသိမ်းစစ်အုပ်စုကို အသိအမှတ်ပြုရာ ရောက်မည့် လုပ်ရပ်များ၊ ချဉ်းကပ်မှုများကို အဆင်အခြင်မဲ့စွာ ပြုမှုဆက်ဆံနေပါက အာဏာသိမ်းစစ်အုပ်စု၏ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်နေသော အကြမ်းဖက်လုပ်ရပ်တိုင်းတွင် ပူးပေါင်းပါဝင်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသော နွေဦးတော်လှန်ရေးသည် အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ရရာလက်နက်စွဲကိုင်ကာ ခုခံတော်လှန်ခဲ့ကြရသည်အထိ အရှိန်အဟုန်ပြင်းထန်လာခဲ့ပြီ ဖြစ်သည်။ ပြည်သူလူထု၏ လူအား၊ ငွေအား၊ နည်းပညာအား စသဖြင့် တတ်နိုင်သမျှသော အင်အားများကို စုစည်းပံ့ပိုးလာမှုနှင့်အတူ နွေဦးတော်လှန်ရေးအတွင်းရှိ အင်အားစုများ၊ အစုအဖွဲ့များအနေဖြင့်လည်း စုစည်းညီညွတ်မှုကို ရယူကာ ပေးဆပ်ခဲ့ကြရသော အသက်များ၊ ဘဝများအတွက် တရားမျှတမှုကို ရယူပေးနိုင်ရန် သံဓိဌာန်ချထားရပေလိမ့်မည်။

အထက်တွင် တောင်းဆိုခဲ့သော NUG ယာယီသမ္မတကြီး၏ တောင်းဆိုချက်များကိုသာ ကုလသမဂ္ဂအဖွဲ့ကြီးနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အသိအမှတ်ပြုပံ့ပိုးပေးပါက နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ် အရှိန်အဟုန်သည် ၆ လအတွင်းပင် အာဏာသိမ်းစစ်အုပ်စုကို အဆုံးသတ်နိုင်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများ ရှိနေပြီဖြစ်သည်။ မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ အားလုံး၏ စုစည်းညီညွတ်စွာ စစ်မျက်နှာဖွင့် ခုခံတော်လှန်ခြင်းခံရမည့် အရေးသည် အာဏာသိမ်းစစ်အုပ်စုအတွက် ကြောက်မက်ဖွယ် အိပ်မက်ဆိုးတစ်ခု ဖြစ်ပေလိမ့်မည်။

လက်နက်ဟုဆိုဖွယ်ရာ အပ်တိုတစ်ချောင်းပင် မပါဝင်သော မြန်မာ့နွေဦးတော်လှန်ရေးသည် အထက်တွင်ဆိုခဲ့သည့်အတိုင်း အင်အားစုအချင်းချင်းအကြား ညီညွတ်မှုနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပံ့ပိုးကူညီမှုကိုသာ ရရှိပါက ခုခံတော်လှန်စစ် အရှိန်အဟုန်ကို အမြင့်ဆုံးအဆင့်အထိ ဆွဲတင်နိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

အင်းစိန်အကျဉ်းထောင်အတွင်း သေဒဏ်စီရင်သည့် လုပ်ရပ်သည် မြန်မာပြည်သူလူထုနှင့်အတူ နွေဦးတော်လှန်ရေး၏ ဦးတည်ရာ သံဓိဌာန်နှင့် အင်အားကို ပိုမိုမြင့်မားလာစေဖို့သာရှိကြောင်း သတိပြုမိပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here