ဖမ်းမိထားသည့် စစ်ကောင်စီ သတင်းပေး နှစ်ဦးကို လူသားချင်းစာနာထောက်ထားမှုဖြင့် တော်လှန်ရေးအဖွဲ့တစ်ခုက ပြန်လွတ်ပေးခဲ့

0
194

၁ သြဂုတ် ၂၀၂၂

ကသာမြို့နယ်တွင် တော်လှန်ရေးအဖွဲ့တစ်ခုမှ ဖမ်းဆီးရမိသည့် စစ်ကောင်စီသတင်းပေး အမျိုးသားနှစ်ဦးကို လူသားချင်းစာနာထောက်ထားမှုဖြင့် ပြန်လွတ်ပေးလိုက်ကြောင်း သိရသည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် စစ်ကောင်စီသတင်းပေး ကိုမြင့်လွင်ကို နမ့်လှိုင်ကျေးရွာတွင် သွားရောက်ဖမ်းဆီးခဲ့ပြီး ၁၁ ရက်နေ့တွင် မီးသတ်ရဲဘော်ရန်နိုင်ဇော် ခေါ်သူကို မိသလင်းကျေးရွာတွင် ဖမ်းဆီးရမိခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့က လူသားချင်းစာ နာထောက်ထားမှုဖြင့် နှစ်ဦးစလုံးကို ပြန်လွတ်ပေးခဲ့ကြောင်း သွားရောက်ဖမ်းဆီးခဲ့သည့် တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

“ဘာကြောင့်ဖမ်းတာလဲဆိုတော့ သူတို့က စစ်ကောင်စီနဲ့ပေါင်းပြီးတော့မှ တော်လှန်ရေးအဖွဲ့တွေကို ဒလန်လုပ်တဲ့ အနေအထားမျိုးနဲ့ သူတို့နှစ်ယောက်ကိုဖမ်းလိုက်တာ ဖမ်းပြီးစစ်ဆေးမေးမြန်းတာ ပေါ်တာတော့ပေါ်တယ်။ စစ်ကောင်စီနဲ့ပါဝင်ပတ်သက်တာ။ ဒါပေမယ့်လို့ လူသားချင်းစာနာထောက် ထားပြီးတော့မှ သူတို့ကို ပြန်လွတ်ပေးလိုက်တာ” ဟု ပြောဆိုသည်။

ယင်းအမျိုးသားနှစ်ဦးကို ခံဝန်ကတိဖြင့်ပြန်လွတ်ပေးခဲ့ပြီး နောက်ထပ်စစ်ကောင်စီနှင့် ပူးပေါင်းပြီး ဒလန်လုပ်ခြင်း ရှိ/မရှိကိုလည်း စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမြင့်လွင်သည် သာမာန်ပြည်သူဖြစ်ပြီး ကိုရန်နိုင်ဇော်သည် ကသာမြို့နယ် မိသလင်းနယ်မြေ မီးသတ်စခန်းမှ Non-CDM မီးသတ်ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရသည်။

ယခုတော်လှန်ရေးအဖွဲ့သည် ယခင်ကလည်း စစ်ကောင်စီသတင်းပေး၊ ဒလန်များကို ဖမ်းဆီးမှုများရှိခဲ့ပြီး ယခုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဖြင့် ပြန်လွတ်ပေးသည့်ဖြစ်စဉ်မျိုး ရှိခဲ့ကြောင်းသိရသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here