29 March 2024 /

See today's Peace Related News

အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်စစ်ဆင်နွှဲနေသူများအား နိုင်ငံခြားရောက်အကူအညီဖြင့် စစ်တိုက်စားနေကြကြောင်း DKBA စစ်ဦးစီးချုပ် စွပ်စွဲပြောဆို

ဇွန်လ ၈ ရက်နေ့၊ ၂၀၂၂ခုနှစ်

လက်ရှိ မြဝတီမြို့နယ်၊ လေးကေကော်ဒေသအတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်တိုက်ခိုက်နေကြသူများသည် နိုင်ငံခြားရောက်ရှိသူများ၏ ငွေကြေးထောက်ပံ့မှုဖြင့် စစ်တိုက်စားနေကြသူများသာဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးလ်က ဇွန်လ ၅ ရက်နေ့တွင် ဖလူးကြီးကျေးရွာအတွင်း ဒေသခံများနှင့် တွေ့ဆုံမှုတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဖလူးကြီးကျေးရွာဘုရားကျောင်း၌ ပြုလုပ်သည့် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGF ၊ DKBA တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲတွင် ယခုတိုက်ပွဲ ဖန်တီးသူများသည် တိုင်းပြည်အတွက် တိုက်ခိုက်နေခြင်းမဟုတ်ဘဲ စစ်တိုက်စားနေကြသူများသာဖြစ်ကြောင်း DKBA စစ်ဦးစီးချုပ်က ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “အရင်က ကျနော်တို့ တွေ့ဖူးတာ ပြောင်းဖူးလိုက်ချိုးစားတဲ့သူတွေ၊ ပစ္စည်းလိုက်ထမ်းစားတဲ့သူတွေ၊ အပင်လိုက် စိုက်စားတဲ့သူတွေပဲရှိတယ်။ အခုက စစ်တိုက်စားတဲ့သူတွေပါရှိနေကြပြီး။ သူတို့မှ စစ်မတိုက်ရရင် ထမင်းမှ မစားရတာ။ သူတို့မှာပိုက်ဆံမရှိဘူး။ သူတို့စစ်တိုက်မှ နိုင်ငံခြားကသူတွေ ပိုက်ဆံပို့ပေးတယ်။ အဲ့ဒါမှ သူတို့ ထမင်းစားရတာ။ အဲ့လိုလူတွေက တိုက်ပြည်အတွက် စစ်တိုက်နေတာမဟုတ်ဘူး။ စစ်လိုက်တိုက်စား နေတာပဲ ဖြစ်တယ်” ဟု တွေ့ဆုံမှုတွင် ထိုသို့ ပြောဆိုခဲ့သည်။

လက်ရှိ ပဋိပက္ခကိုလည်း မိခင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် စစ်ကောင်စီအကြား တွေ့ဆုံ ဖြေရှင်းရမည်ဖြစ်သာဖြစ်ပြီး DKBA အနေဖြင့် ကြားဝင် ဖြေရှင်းလို့ အဆင်မပြေကြောင်း၊ ယခုလက်ရှိ တိုက်ပွဲ များသည်လည်း ဒေသခံမဟုတ်သူများမှ လာရောက် ဖော်ဆောင်နေကြခြင်းဖြစ်ကြောင်း နှင့် DKBA အနေဖြင့် ၎င်းတို့ နယ်မြေအတွင်း တစ်ကြိမ်တစ်ခါမှ တိုက်ပွဲမဖန်တီးဘဲ လက်ရှိ ပြည်သူများကို အကာအကွယ် ပေးနေသည်မှာ DKBA နှင့် BGF သာဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး စောစတီးလ်က ထည့်သွင်းပြောဆိုသွားခဲ့သည်။

လတ်တလောတွင် စစ်ရေး ပဋိပက္ခ ဖြစ်နေသည့် ကာလဖြစ်သောကြောင့် DKBA ၏ ပြောဆိုမှုအပေါ် တစ်စုံ တစ်ရာ တုံ့ပြန်ပြောဆိုလိုခြင်းမရှိသေးကြောင်း နှင့် ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲ အကျိုးဆက်များအပေါ် သာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၎င်းနယ်မြေအတွင်း တိုက်ပွဲဝင်နေသည့် ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော်-KNDO ခေါင်းဆောင် ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြက ယခုလိုပြန်ပြောဆိုသည်။

၎င်းက “ဒီအပေါ်မှာတော့ ကျနော်ဘားမှ မပြောချင်သေးပါဘူး။ သူတို့ (DKBA) က ဗမာ (စစ်တပ်) တွေနဲ့ လက်တွဲလုပ်နေတာဖြစ်တာကြောင့် ကျနော်သိပ်မပြောချင်ဘူး။ ပြောခဲ့တာလည်း များနေပြီး။ အခြေအနေကို စောင့်ကြည့်သွားမယ်။ သူတို့ ပြောထားပါစေအုံး။ သူတို့ပြောလဲ ဒေသခံ လူထုတွေကတော့ သိနေတာပဲ။ ဗမာ (စစ်တပ်) နဲ့ လက်တွဲပြီး လုပ်နေတယ်ဆိုတာ လူထုက သိနေတာပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိ စစ်ဘေးရှောင်များကို DKBA နှင့် BGF ကသာ ကြည့်ရှု့စောင့်ရှောက်နေရကြောင်း၊ ၎င်းတို့ အကူအညီပေးနေသည်မှာ မပေါ်လွင်ပဲ နိုင်ငံခြားရောက်သူများ၏ အကူအညီသာပေါ်လွင်နေကြောင်း နှင့် ၎င်း နိုင်ငံခြားရောက်သူများအနေဖြင့် စစ်ဘေးရှောင်ဒုက္ခသည်များကို နာမည် ရောင်းစားနေခြင်းသာဖြစ်ကြောင်း ဆက်လက် ထည့်သွင်းပြောဆိုသွားခဲ့သည်။

“ခို့ဘက်ဘော (DKBA) ကူညီလည်း ဘယ်သူမှမသိဘူး၊ နယ်ခြားစောင့်တပ် ကူညီတာလည်း ဘယ်သူမှ မသိဘူး။ နိုင်ငံခြားက ကူညီတာပဲ လူသိတယ်။ ကြားထဲမှာ ကျနော်နဲ့ ချစ်သူ နာမည်တခါးမှ မကောင်းဘူး။ အဲ့ဒါကြောင့် ကျနော်တို့ကို တိုက်ခိုက်ပြောဆိုနေတဲ့ နိုင်ငံခြားက လူတွေက ကျနော်တို့ကို ပြန်လာကျွေးမွေးမှာမဟုတ်ဘူး။ စကားကုန်ကုန်ပြောရရင် ခင်ဗျားတို့ကို ရောင်းစားတာပဲ။ ဒေါ်လာ တစ်ထောင်ရရင် သူတို့က ၅၀၀ စားတယ်။ ခင်ဗျားတို့ဆီကို ၅၀၀ ပဲရောက်မှာ။”ဟု ဗိုလ်ချုပ်ကြီး စောစတီးလ်က ပြောသည်။

ထိုသို့ စွပ်စွဲပြောဆိုခြင်းသည် DKBA အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေး လုပ်ငန်းစဉ်များကို နားမလည်ကြောင်း ပြသနေပြီး စစ်ကောင်စီနှင့် လက်တွဲလုပ်ဆောင်နေခြင်းကြောင့်သာ ယခုလို ပျက်စီးရာပျက်စီးကြောင်း တွင်တွင်ကျယ်ကျယ် ပြောဆိုနေရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များအတွက် အကူအညီပေးနေသည့် ကရင်အမျိုးသမီးအစည်းအရုံး-KWO ၏ ပြောခွင့် နော်ကညောဖောက ယခုလို ပြန်လည် တုံ့ပြန်ပြောဆိုခဲ့သည်။

“သူတို့ (DKBA) အနေနဲ့ အကူအညီရရှိမဲ့ နည်းလမ်းတွေနဲ့ပတ်သက်ပြီး လုပ်ဖူးချင်မှ လုပ်ဖူးမယ်။ အဲ့အတွက် လုပ်စားနေကြတယ်လို့ပဲ သူတို့ မြင်ကြတာ။ သူတို့အနေနဲ့ ကူညီထောက်ပံ့မှု လုပ်ငန်းစဉ်တွေ လိုက်နာရမဲ့ ကျင့်ဝတ်တွေရှိတယ်ဆိုတာကို သူတို့တခါးမှ မလုပ်ဖူးလို့ သူတို့ နားမလည်တာပဲဖြစ်မယ်။ သူတို့ကလည်း စစ်တပ်နဲ့ လက်တွဲပြီးလုပ်နေတာဖြစ်တဲ့အတွက် ဒီလို အဖွဲ့အစည်းတွေကို တိုက်ခိုက်ပြောတာဖြစ်သလို ဒေသခံတွေကို အတင်းအဓမ္မပြန်နေခိုင်းဖို့ပါ လုပ်လာနိုင်ပါတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် လက်ရှိတွင် ဒေသခံလူထုတချို့သည် မိမိနေအိမ်သို့ ပြန်လာလို့ရသော်လည်း စစ်ရှောင်စခန်းတွင် စားသောက်ကောင်းများကို စားသောက်နေရ၍ နေအိမ်ကိုမပြန်လိုကြဘဲ အကူအညီများကိုသာ စောင့်စားနေကြ ကြောင်းနှင့် လက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများအကြား ညီညွတ်မှု မရှိအောင် ပြည်သူလူထုတချို့မှ သွေးခွဲ နေခြင်းဖြစ်ကြောင်းလည်း လူထုတွေ့ဆုံမှုတွင်း စွပ်စွဲ ခြိမ်းခြောက်ပြောဆိုခဲ့သေးသည်။

၎င်းပြောဆိုမှုနှင့်ပတ်သက်ပြီးလည်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “လူထုက လုပ်စရာလား။ သူတို့လုပ်နေတာ ဟုတ်မှ မဟုတ်တာ။ တကယ်တမ်း သေချာစဉ်းစားကြည့်လေး သူတို့ စည်းလုံးမှု မရှိလို့သာ မြစ်ကမ်းနံဘေးတွေမှာ လိုက်ပြေးပုန်းနေရတာ။ အခုက လုံးဝ နေလို့မရတော့ရင် ကိုယ့်နေရာ ကိုယ် ပြန်နေခိုင်း မှာပဲ။ သူတို့အနေနဲ့ လူထုတွေက ဘယ်လို ရပ်တည်နေရတာလည်းဆိုတာကိုလည်း နားမလည်ဘူး။ လူထုကပဲ သူတို့ကို အခွန်ပေး ပြီး ကျွေးနေရတာပဲ။ လူထုကိုကြတော့ ဘာမှ ပြည့်ပြည့်စုံစံ ပြန်ကာကွယ်စောင့်ရှောက်ပေးနေတာမဟုတ်ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

အင်အားရာနှင့်ချီသော အဆိုပါလက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲတွင် ဖလူးဒေသရွာသားများ နေရပ်ပြန်လည် နေထိုင်ရေး၊ တောင်ယာပြန်လည်စိုက်ပျိုးနိုင်ရေး၊ ကလေးများ ကျောင်းပြန်တက်နိုင်ရေး၊ လုပ်ဆောင်ကြရန် ပြောဆိုကြသော်လည်း ဒေသခံ စစ်ဘေးရှောင် စား၀တ်နေရေးကိစ္စများ၊ ကျေးရွာလူထု လုံခြုံရေးနှင့် မိုင်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ တာ၀န်ယူမှု၊ တာ၀န်ခံမှုကိစ္စများ ပြောဆိုခြင်းမရှိဘဲ ၎င်းတို့ဖြစ်စေချင်သည့်ကိစ္စများကိုသာ ပြောဆိုခဲ့ပြီး လူထုတွေ့ဆုံပွဲကို အဆုံးသတ်ခဲ့ကြောင်း ဖလူးဒေသခံများက ဆိုသည်။

ထိုသို့ မိမိနေရပ်သို့ ပြန်လည်နေထိုင်ကြရန် လက်နက်ကိုင်အဖွဲ့များ၏ ပြောဆိုမှုအပေါ် စစ်ဘေးရှောင် ဒေသခံများဘက်မှ ကျေးရွာအတွင်း ဝင်ရောက် နေရာယူ တပ်စွဲထားသော စစ်တပ်များ အားလုံး ပြန်လည်ရုပ်သိမ်းသွားမှသာ နေရပ်ပြန်နေထိုင်မည်ဟု ပြန်လည်တင်ပြခဲ့ပြီး BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဘက်မှ ၇၀ ရာခိုင်နှုန်း အာမခံကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုထားသည်ဟု ဒေသခံများက ဆက်ပြောသည်။

အဆိုပါကျေးရွာလူထုကို လာရောက်တွေ့ဆုံသည့်ပွဲတွင် BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူနှင့်အဖွဲ့၊ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးအဖွဲ့နှင့် စစ်ကောင်စီ၏ စစ်ကြောင်းအဖွဲ့ စုစုပေါင်း အင်အား ၃၀၀ ကျော်ရှိပြီး ဒေသခံရွာသားများမှာ ၁၀၀ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် အဆိုပါ တွေ့ဆုံမှုတွင် ဒေသခံလူထုတချို့အနေဖြင့် နေရပ်ပြန်လာနိုင်ကြောင်းနှင့် စစ်ကောင်စီအနေဖြင့် ထိုးစစ်ဆင်မှာမဟုတ်ကြောင်း၊လက်ရှိ စစ်ပွဲသည်လည်း ကန့်သတ် စစ်ပွဲဖြစ်ပြီး တပ်မတော်အနေနှင့် ထိန်းထိန်းသိမ်း သိမ်းဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း လူထုတွေ့ဆုံပွဲတွင် ပါဝင်သည့် စစ်ကောင်စီ၏ အခြေချ စစ်ဗျူဟာမှူးဖြစ်သူက ယခုလို ပြောဆိုသွားသည်။

၎င်းက “ဒီဘက်က ဖလူးလေး၊ ဖလူးကြီး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ မယ်ထော်သလေး၊ပဟိကလော်အထိက ပြန်လာဖို့ အဆင်ပြေတယ်လို့ ယူဆတယ်။ ဟိုဘက်က လေးကေကော်နဲ့ ထီးမဲဝါးခီးတော့ ပြန်မလာပါနဲ့လို့တော့ မပြောဘူး ဒါပေမဲ့ တစ်ဖက်အဖွဲ့အစည်းတွေလည်းရှိတယ်။ ဟိုဖက်ဒီဖက်ဖြစ်နိုင်တဲ့ အနေအထားတွေ ရှိနိုင်သေး တယ်လို့ ကျနော့် အနေနဲ့ ယူဆတယ်။ ကျနော်တို့ တပ်မတော်အနေနဲ့ ဘားမှ ထိုးစစ်လည်း ဆင်မှာ မဟုတ်ဘူး။ တိုက်စစ်လည်း လုပ်မှာ မဟုတ်ဘူး။ ကျနော်တို့ ဒီမှာ ဆင်နွဲနေတာကိုက ကန့်သတ်စစ်ပွဲ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်း တစ်ခုလုံးကို တိုက်ခိုက်နေ တာမဟုတ်ဘူး၊ အင်နဲ့အားနဲ့လည်း တိုက်ခိုက်နေတာ မဟုတ်ဘူး။ တပ်မတော်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ သွားနေတဲ့ အပိုင်းဖြစ်ပါတယ်” ဟု ပြောဆိုသွားခဲ့သည်။

ထို့အပြင် ဒေသခံများအနေဖြင့် မိမိနေရပ်သို့ ပြန်လာနိုင်ကြောင်းနှင့် နီးစပ်ရာ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို အသိပေးအကြောင်းကြား ပြီး လယ်ယာစိုက်ခင်းများကို သွားရောက် စိုက်ပျိုး နိုင်ကြောင်း အပြင် ကျောင်းတက်ချင်သူများ ရှိပါက ဖလူကြီး ကျောင်းကို အတတ်နိုင်ဆုံး ကူညီ ဖွင့်ပေးသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားခဲ့သည်။

မြ၀တီမြို့တောင်ဘက် မယ်ထော်သလေး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ထီးမဲ့ဝါးခီး၊ ပဟိကလော်၊ ဖလူးကြီး၊ ဖလူးလေး၊ ရသေ့ဂူ စသည့်ဒေသများတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ ယခု ၆ လကျော်ကြာအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

လေးကေကော်ဒေသမှ ကျောက်ခက်၊ လေးဒေး၊ ဝေါလေ၊ ကနဲလေး၊ တာအူ့ထာ့၊ တနော့ထာ့၊ သေ့ဘောဘိုး၊ ကလော့ထော၊ စုကလိနေရာဘက်အထိ အစုအဖွဲ့အလိုက် စစ်ဘေးရှောင်နေကြရသူ ၁၅,၀၀၀ ကျော်မှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးကြောင်း စစ်ရှောင်များကို ကူညီလုပ်ဆောင်နေသူများက ပြောသည်။

KIC – ပေးပို့သည်။