29 March 2024 /

See today's Peace Related News

“စစ်ကောင်စီနဲ့ တိုက်ပွဲဝင်နေတဲ့သူတွေကတော့ တက်ရောက်မှာ မဟုတ်ဘူးလေ။ အဲ့ဒါကြောင့် မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်နဲ့ ဒီအစီစဉ်ကနေပြီးတော့ ပြည်တွင်းပဋ္ဋိပက္ခ လက်ရှိတိုက်ပွဲတွေက လျော့ချဖို့ လည်း မရှိဘူး။ ဘာမှ ထိခိုက်ဖို့လည်း မရှိဘူး။ ပြောင်းလဲဖို့လည်း မရှိဘူး” ဆလိုင်းကျဲအိုဘိခ်ထောင် (အတွင်းရေးမှူး – CNLD)

ချင်းအမျိုးသားဒီမိုရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်နှင့် အမေးအဖြေ

၂၃ မေ ၂၀၂၂

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဧပြီလ ၂၂ ရက်နေ့က ရုပ်သံမိန့်ခွန်းကနေ ဖိတ်ခေါ်လိုက်ပါတယ်။

မေလ ၉ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ကြမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့ရဲ့စာရင်းလည်း ထွက်ပေါ်လာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကနေ ဘယ်လိုရလဒ်မျိုးတွေထွက်ပေါ်လာနိုင်ပါသလဲ။ လက်ရှိနိုင်ငံရေး စစ်ရေးပဋိပက္ခအခြေအနေတွေကို ဖြေရှင်းနိုင်ပါ့မလား။ ဒီကိစ္စအပေါ် ချင်းနိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးလည်းဖြစ် လက်ရှိချင်းအမျိုးသားဒီမိုရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကို ဆက်သွယ်မေးမြန်း ထားပါတယ်။

မေး- ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းထားမှုအပေါ် ဘယ်လို မြင်လဲဆိုတာ အရင်ဆုံးပြောပြပေးပါ။

ဖြေ- ကျွန်တော်တို့ကတော့ ဒါကိုလက်မခံသင့်ဘူးပေါ့နော်။ မတက်ရောက်သင့်ဘူးလို့ပဲ တိုင်းရင်းသားလက်နက် ကိုင်ခေါင်းဆောင်တွေကိုလည်းပဲ ဒီလိုပဲ တိုက်တွန်းချင်တယ်ပေါ့။ ဘာကြောင့်လည်းဆိုတော့ အဲ့ဒီ မင်း အောင်လှိုင်ရဲ့ ရည်ရွယ်ချက်ကိုက ငြိမ်းချမ်းရေးကို အမှန်တကယ် တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာ၊ တိုင်းရင်းသားတွေရဲ့ ပြဿနာကို ဖြေရှင်းချင်လို့ ကမ်းလှမ်းတဲ့ဟာလည်း မဟုတ်ဘူး။ သူရဲ့ရည်ရွယ်ချက်ကတည်းကိုက ကျွန်တော်တို့ ဒီလိုချင်တဲ့ဟာကို ရရှိဖို့မဟုတ်ဘူးလေ။ နောက်တခုက အဲ့ဒီလမ်းကြောင်းကိုကလည်းပဲ အဓိကကတော့ သူတို့ကတော့ တဖွဲ့ထဲနဲ့ပဲ လိုက်ကြည့်မယ်ဆိုကတည်းကိုက အရင်တုန်းက ၁၉၉၀ ဝန်းကျင်တုန်းက သူတို့စစ်အစိုးရက လုပ်တဲ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားရေးအပိုင်းကိုပဲ ညှိနှိုင်းပြီးတော့ အဲ့လိုပဲ ငြိမ်းချမ်းရေးလုပ်တဲ့ပုံစံမျိုးကိုပဲ ရည်ရွယ်ထားတာကိုး။အခု ကျွန်တော်တို့ရဲ့ လက်ရှိ တိုက်ပွဲ ဝင်နေတဲ့၊ အထူးသဖြင့် နွေဦးတော်လှန်ရေးနဲ့ သွားမဲ့နိုင်ငံတော်ကြီးကို အသစ်တဖန် ပြန်လည်တည် ဆောက်ရေး ကိစ္စနဲ့ တိုင်းရင်းသားတွေရဲ့ ကို်ယ်ပိုင် ပြဌာန်းခွင့်နဲ့ တိုင်းရင်းတွေရဲ့ ကိုယ့်ပြည်ထောင်တည် ဆောက်ရေးကလည်း ဒီလမ်းကြောင်းနဲ့ သွားလို့မှမရတာဆိုတော့ ဒါကတော့အားမပေးဘူး။

မေး- ဒီစစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့လောက်က စာရင်းပေးထားတယ်ဆိုပြီး စစ်ကောင်စီဘက်က ပြောပါတယ်။ တချို့ကလည်း မတက်ဘူးဆိုပြီးပြောထား တာရှိပါတယ်။ အဓိက သိချင်တာ ကတော့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဘယ်လိုရည်ရွယ်ချက်နဲ့ ဘာကြောင့် ခုလိုငြိမ်း ချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းရတာပါလဲ။

ဖြေ- နံပါတ်တစ်အချက်ကတော့ ဒီနွေဦးတော်လှန်ရေးက အခုကြည့်မယ်ဆိုရင် စစ်ကောင်စီဟာ ခံစစ်ပုံစံဖြစ်နေပြီ တော်တော်လေးကို သူက တိုက်စစ်တောင်သူမဖွင့်နိုင်တော့တဲ့အနေအထားမျိုးဖြစ်နေတဲ့အချိန်မှာ ဒီထွက်ပေါက်ရှာတာ ပေါ့။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကနေပြီးတော့ ဒီနွေဦးတော်လှန်ရေးကို အားဖြည့်ပေး တဲ့အခါကြတော့ သူကဒုက္ခရောက်နေတဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေကို နွေဦးတော်လှန်ရေးမှာ ပါဝင်မှုမပြုအောင် ဒီလမ်းကြောင်းကို ဖန်တီးလိုက်တယ်။ ဒုတိယ အချက်ကတော့ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်တွေကြားထဲမှာလည်းပဲ ဒီဟာကို ချပြပြီးတော့မှ အကွဲအပြဲ တွေဖြစ်စေချင်တယ်သူက တိုင်းရင်းသားတွေရဲ့ စုစည်းမှုကိုလည်းပဲ ဒီဟာကြောင့် အကွဲအပြဲတွေဖြစ်စေ ချင်တယ် အခုလည်း တော်တော်လေးကို အကွဲအပြဲတွေဖြစ်နေကြပြီလေ ဥပမာ တချို့ အဖွဲ့တွေဆိုလို့ရှိရင် အဖွဲ့ အတွင်းမှာတောင်မှ သူ့ရဲ့ကမ်းလှမ်းချက်နဲ့ ပက်သက်ပြီးတော့မှ ခေါင်းဆောင်တွေ အချင်းချင်းကြားထဲမှာ အမြင်ချင်းမတူ ကွဲပြားပြီးတော့မှ အချင်းချင်း အငြင်းပွားမှုတွေလည်း ရှိနေပြီလေ။ သူကတော့ တနည်းအားဖြင့် ဆိုလို့ရှိရင် သူ့ရဲ့ရန်သူ ပြိုင်ဖက်ဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ရော၊ ဒီဖက်က အရေးတော်ပုံပါဝင်တဲ့သူတွေ အားလုံးအချင်းချင်း ကြားထဲမှာ စည်းလုံးမှုတွေကို ပျက်ပြားအောင်လုပ်တာပေါ့။ နောက်တခုက နိုင်ငံတကာကလည်းပဲ အခုဖိအားတွေဝင်လာတယ်။ အခုအာဆီယံခေါင်းဆောင်တွေနဲ့လည်းပဲ အမေရိကန်နဲ့ အစည်းအဝေးတွေကို ဝါရှင်တန်မှာ သူတို့ စနေပြီ။ အဲ့ဒီဟာတွေဖြစ်နေတဲ့အချိန်မှာ သူက ငြိမ်းချမ်းရေး ကို တစ်စုံတစ်ရာကြိုးပမ်းဆောင်ရွက်နေပါကြောင်းကိုလည်း ပြဖို့လိုတာကိုး။ အဲ့ဒီဟာတွေအတွက်ပါ တကယ့်တကယ် (မင်းအောင်လှိုင်)သူရဲ့စိတ်ရင်းမှာ တိုင်းပြည်ရဲ့ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး။

မေး- စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေကော် ဘယ်လိုရလဒ်မျိုးတွေထွက်ပေါ်လာမယ်လို့မျှော်လင့်လို့ရပါသလဲ။

ဖြေ- ဒါကတော့ ထုံးစံအတိုင်းပါပဲ ထက်ဝက်လောက်ကတော့ တက်မယ်ပေါ့။ တိုင်းရင်းလက်နက်ကိုင်တပ်ဖွဲ့တွေက ထက်ဝက်လောက်ကတက်မယ်ဆိုတာကလည်း ကြည့်မယ်ဆုုိရင်သိသာတာပဲတက်မဲ့သူတွေက အခု NCA လက်မှတ်ထိုးတဲ့အဖွဲ့ထဲက တဝက်လောက်ပါတယ်။ အဲ့တစ်ဝက်လောက်က ပြောမယ်ဆိုရင်တော့ အင်အားကြီး တဲ့ဟာတွေလည်းမဟုတ်ဘူးလေ။ နောက်တခုက ဒီဖက်က အင်အားကြီးတဲ့တချို့အဖွဲ့တွေလည်း ပါပါတယ်။ “ဝ”တို့ RCSS တို့လည်းပါပါတယ်။ ဒါပေမယ့်လည်းပဲ သူတို့ကလည်းပဲ ထိပ်ပိုင်း၊ လူကြီးပိုင်းတွေကို လွတ်မှာမဟုတ် ဘူး။ သဘောတရားလောက်နဲ့ပဲ သူက ထိပ်ပို်င်းခေါင်းဆောင်မဟုတ်တဲ့သူတွေကိုပဲ စေလွတ်မှာဆိုတော့ ရလဒ်ကတော့ မယ်မယ်ရရထွက်မှာ မဟုတ်ဘူူး။

မင်းအောင်လှိုင်ရဲ့ ရည်ရွယ်ချက်ကိုကလည်းပဲ ဒီဟာနဲ့ပက်သက်ပြီးတော့ သူအများကြီးမမျှော်လင့်ဘူးလေ။ သဘောတရား လောက် ဘယ်နှစ်ဖွဲ့ တက်ရောက်တယ်၊ ဘယ်နှစ်ဖွဲ့နဲ့ ညှိပါတယ်ဆိုတဲ့ဟာလောက်ပဲ သူလည်း လုပ်ချင်တာကိုး၊ အဲ့ဒီဟာ လောက်ပဲ ဖြစ်မယ်။ အထူးသဖြင့်က အခုတက်ရောက်မဲ့အဖွဲ့က ၁၀ ဖွဲ့လောက်တက်ရောက်မယ်ဆိုပါတော့ အခုတက် ရောက်မဲ့သူအားလုံးက အခုနွေဦးတော်လှန်ရေးမှာ မပါဝင်တဲ့သူတွေကများတယ်ပေါ့။ တနည်းအားဖြင့်ပြောရင် လက်ရှိစစ်ကောင်စီနဲ့ တိုက်ပွဲမရှိတဲ့အဖွဲ့တွေပဲဖြစ်နေတယ်ပေါ့။ ဆိုတော့အဲ့တာကြောင့် ဒီဖြစ်စဉ်နဲ့ ဒီဆွေးနွေးပွဲကနေ အခုပြည်းတွင်းပဋ္ဋိပက္ခတွေကို လျော့ချနိုင်စရာအကြောင်း မရှိဘူး၊ မဆိုင်ဘူးလို့တောင် ပြောလို့ရတယ်။ အခုကျွန်တော်တို့ စစ်ကောင်စီနဲ့ တိုက်ပွဲဝင်နေတဲ့သူတွေကတော့ တက်ရောက်မှာ မဟုတ်ဘူးလေ။ အဲ့ဒါကြောင့် မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်နဲ့ ဒီအစီစဉ်ကနေပြီးတော့ ပြည်တွင်းပဋ္ဋိပက္ခ လက်ရှိတိုက်ပွဲတွေက လျော့ချဖို့ လည်း မရှိဘူး။ ဘာမှ ထိခိုက်ဖို့လည်း မရှိဘူး။ ပြောင်းလဲဖို့လည်း မရှိဘူး။

KMG – ပေးပို့သည်။