ဖရူဆိုမြို့နယ် အနောက်ခြမ်းက စစ်ရှောင်တွေအတွက် ရိက္ခာ လုံးဝပြတ်တောက်သွားနိုင်ဟုဆို

0
207

၂၃ မတ် ၂၀၂၂

ကရင်နီပြည် ဖရူဆိုမြို့အနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတွေမှာ လိုအပ်နေတဲ့ အခြေခံ လူသုံးကုန်ပစ္စည်းတွေအပြင် အရေးပါတဲ့ စားနပ်ရိက္ခာ တွေဟာ နောက်ထပ် ၂ လ လောက်အတွင်းမှာ လုံးဝ ပြတ်တောက်သွားနိုင်တယ်လို့ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။

“နောက်ထပ်တစ်လ နှစ်လလောက်ဆိုရင်တော့ လုံးလုံး ရိက္ခာက ပြတ်မယ့်အနေအထားရှိတယ်။ အဝင်မရှိတော့ဘူးပေါ့နော အထွက်ပဲရှိတာ တော်တော်ကြာပြီ ၃၊ ၄လရှိပြီ။ ရှိလာတော့ တခြားအလှူရှင်တွေပေါ့နော ရနိုင်သလောက်ကတော့ ဆန်ကြိတ်တယ်။ အခက်အခဲအမျိုးမျိုးရှိကြတယ်ပေါ့။ သူတို့မှာလည်း အခက်အခဲရှိသလို ကျနော်တို့မှာလည်း အခက်အခဲရှိကြတယ်။ အလှူရှင်ရနိုင်ရင်တော့ ဒီဖက်ကို ဦးစားပေးလာခိုင်းစေချင်တယ်ပေါ့နော။” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ လမ်းပန်းဆက်သွယ်ရေးအခက်ခဲအကြောင့် အပြင် စစ်ရေး အနေအထားအကြောင့်ပါ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းဆီကို အလှူရှင်တွေ မရောက်လာနိုင်တာ ၅ လ ဝန်းကျရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

“ဟင်းမရှိဘူး ငှက်ပျောအူပဲစားတယ် ငှက်ပျောအူတို့ ကန်မွန်းချဉ်ရွက်တို့။ တစ်ခါတစ်ခါ အလှူရှင်လာလို့ရှိရင်တော့ နည်းနည်းဟင်းကောင်းတာပေါ့။ သူတို့ကျွေးတဲ့ဟာတော့ ကုလားပဲတို့၊ ဆီတို့၊ ငါးဘူးတို့၊ ခေါက်ဆွဲတို့ စားရတယ်။” လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ကျေးရွာပေါင်း (၁၃) ရွာမှ စစ်ရှောင်လူဦးရေ တစ်ထောင့်ငါးရာဝန်းကျင်ဟာ ရွာတွေမှာ Camp ပုံံစံနဲ့ တဲထိုးပြီးနေထိုင်တာရှိသလို ဆွေမျိုးနီးစပ်တဲ့သူတွေဆီမှာ ခိုလှုံသူတွေလည်းရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်က စားနပ်ရိက္ခာထောက်ပံ့မှုအနေနဲ့ တစ်ဦးလျှင် ဆန်နှစ်ပြည်နှုန်းဖြင့် နှစ်ပတ်တစ်ကြိမ် ပေးနိုင်ပေမယ့်လည်း အလှူရှင်မရောက်ရှိတဲ့နောက်ပိုင်းမှာ တစ်လကို ဆန်သုံးပြည် ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။လူဦးရေများတဲ့ မိသားစုဆိုရင်တော့ မလုံလောက်ဘဲ ကော်မတီထံ အရေးပေါ် ပြန်လာတောင်းတာရှိတယ်လို့ ဆိုပါတယ်။

အသက် ၄၈ နှစ်အရွယ် ဖရူဆိုမြို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက “တစ်လကိုသုံးပြည် မလောက်ဘူး ကိုယ့်ကိုယ်ကို အပြင်မှာ နည်းနည်းပါးပါးတော့ ရှာစားမှပဲရမှာပေါ့ ၃ ပြည်ဆို မလောက်ဘူးဖြစ်နေတယ်။ ဒီမှာက ဘာမှ ရှာမစားတတ်ဘူး ကိုယ့်ရွာမဟုတ်တော့ မရှာတတ်ဘူး တစ်ရက်ကို တစ်ထောင်၊ ငါးရာတောင်မရကြဘူး။” လို့ လက်ရှိအခက်အခဲကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ခြေလျင်နဲ့ပြေးခဲ့ရပြီး ဆန်၊ မိုးကာ၊ စောင်၊ အဝတ်အစားလည်းမပါတာကြောင့် အခြားသူတွေထက် ပိုခက်ခဲနေတယ်လို့ သူကဆိုပါတယ်။

စစ်ရှောင်အိမ်ထောင်စုတွေကို ရိက္ခာထောက်ပံ့ပေးမှုဟာ လာမယ့်လအတွင်း ရိက္ခာပြတ်မယ့်အနေအထားရှိပြီးလက်ရှိမှာ ရနိုင်သလောက် ဆန်ကြိတ်ထားပေမယ့် အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်မှာ သယ်ယူပို့ဆောင်ရေးအတွက် အဓိက အားထားရာဖြစ်တဲ့ လွိုင်ကော်-ဒီးမော့ဆို၊ မိုးဗြဲ-နန်းမယ်ခုံ- ဒီးမော့ဆို၊ ဒီးမော့ဆို-ဖရူဆို တစ်လျှောက်မှာ ဒေသခံကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေတာကြောင့် သွားလာရ အဆင်မပြေဘူးလို့ သိရပါတယ်။

မော်ဦးမြာ (ကန္တာရဝတီတိုင်းမ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here