လေကြောင်း စစ်ဆင်ရေးကြောင့် နှစ်ရက်အတွင်း ပလက်၀‌ဒေသခံ အရပ်သား (၂၁) ဦးသေဆုံး ၊ ၁၄၀၀ကျော် စစ်ရှောင်နေရ

0
276

Photo Credit: Khumi Media Group

၁၇ မတ် ၂၀၂၀

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်၀မြို့နယ်အတွင်း မြန်မာ့တပ်မတော်၏ လေကြောင်းစစ်ဆင်ရေးကြောင့် နှစ်ရက်အတွင်း အရပ်သား (၂၁) ဦးသေဆုံးပြီး (၂၈) ဦးဒဏ်ရာရရှိခဲ့သည်။

ပလက်၀မြို့နှင့် ဆမီးမြို့အကြားတွင်တည်ရှိသည့် မိတ်စာ၀ ၂ နှင့် ၃ ကျေးရွာတွင် မတ်လ (၁၄) ရက်နေ့က မြန်မာ့တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရွာသား (၁၂) ဦးသေဆုံးပြီး (၁၅) ဦး ဒဏ်ရာရရှိခဲ့ကြသည်။

မတ်လ (၁၅) ရက်နေ့တွင်လည်း မြန်မာ့တပ်မတော်မှ လေကြောင်းစစ်ဆင်မှုများ ဆက်လက်ပြုလုပ်ပြီး ၀က်မကျေးရွာမှ ရွာသား (၈) ဦးသေဆုံးကာ (၁၂) ဦးဒဏ်ရာရရှိကြောင်း၊ ပြိုင်တိန်ကျေးရွာတွင်လည်း ရွာသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ပလက်၀မြို့နယ်၊ အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိူးထိုက်ကပြောသည်။

“(၁၄) ရက်နေ့ မိတ်စာ၀ ၂ နဲ့ ၃ မှာ ပွဲချင်းသေတာက (၁၂) ယောက်ရှိတယ်၊ ဒဏ်ရာရတာက (၁၅) ယောက်ရှိတယ် (၁၅) ယောက်ထဲမှာ (၁၃) ယောက်ကို မတူပီဆေးရုံကိုပို့တယ်၊ (၂) ယောက်ကတော့ ဒဏ်ရာမပြင်းထန်လို့ ဆမီးမှာပဲထားတယ်၊ မတ်လ (၁၅) ရက်နေ့မှာဖြစ်တဲ့ဟာက ၀က်မအုပ်စု၊ ၀က်မရွာ၊ ညနေပိုင်းမှာဖြစ်တဲ့ဟာမှာ (၈) ယောက်က ပွဲချင်းသေတယ်၊ (၁၂) ယောက် ဒဏ်ရာရတယ်၊ ပြိုင်တိန်ကျေးရွာမှာက ၅ တန်းကျောင်းသူလေးတစ်ယောက် ပွဲချင်းပြီးသေတယ်၊ သူ့အဒေါ်က ဒဏ်ရာရတယ်’’ ဟု ဆလိုင်းမျိူးထိုက်ကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရကိ္ခုင့်တပ်တော် (အေအေ) တပ်ဖွဲ့တို့ဖြစ်ပွားသည့်တိုက်ပွဲအတွင်း တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကျဲတိုက်ခိုက်မှုများကြောင့် (၂) ရက်အတွင်း အရပ်သားပြည်သူစုစုပေါင်း (၂၁) ဦးသေဆုံးပြီး (၂၈) ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးကြီးဇော်မင်းထွန်းကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

ဒဏ်ရာရရှိသူများကို မတူပီနှင့် မင်းတပ်မြို့ပြည်သူဆေးရုံများတွင် ပို့ဆောင်ထားကြပြီး ဒဏ်ရာပိုမိုပြင်းထန်သည့်သူကို မန္တလေးမြို့သို့ ပို့ဆောင်ထားသည်ဟု သိရသည်။

ပလက်၀မြို့နယ်၊ အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိူးထိုက်က “တိုက်ပွဲဆိုတာ ဘာမှကောင်းကျိူးမရှိဘူး၊ ဘာမှမဆီမဆိုင်တဲ့ပြည်သူတွေကို ဒုက္ခမပေးတာအကောင်းဆုံးပဲ၊ ပြည်သူတွေက မြေစာပင်ဖြစ်တာကတော့ မတရားဘူး’’ ဟုပြောသည်။

ယခုလက်ရှိတွင် တပ်မတော်မှ ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ကျေးရွာ (၅) ရွာအပြင် ငမြင်းတောင်၊ ဆားနှင့် ကူ၀ရွာတို့မှ အိမ်ခြေ (၃၀၅) အိမ်၊ လူဦးရေ (၁၄၄၉) ဦး တို့သည် ပလက်၀မြို့နယ်၊ ဆမီးမြို့သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

၎င်းတို့ကို ဆမီးမြို့ပေါ်ရှိ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် အစိုးရအဆောက်အဦးများတွင် နေရာချထားကြပြီး နောက်ထပ်ထွက်ပြေးလာကြသူများလည်းရှိသည်ဟုသိရသည်။

တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ကျေးရွာများသည် ရကိ္ခုင့်တပ်တော် (AA) နှင့် ရခိုင်လူမျိုးများ အခြေချနေထိုင်ခြင်းမရှိဘဲ ချင်းလူမျိုးများသာနေထိုင်ကြပြီး ယခုကဲ့သို့ တပ်မတော်မှ မဆင်မခြင်တိုက်ခိုက်မှုအပေါ် အပြင်းအထန်ရှုံ့ချကန့်ကွက်သည်ဟု ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) က မတ်လ (၁၅) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် တာ၀န်ရှိသူများကို တပ်မတော်အနေဖြင့် စစ်ဆေးအရေးယူပြီး သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအားလုံးအတွက် တာ၀န်ယူလျော်ကြေးပေးရန်အပြင် ထိခိုက်နစ်နာသူမိသားစုများအား တရား၀င်တောင်းပန်ရမည်ဟု CNLD ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ခိုနူမ်းသုန်-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here